ကျုပ်အဖေ နာမည်က ဖေမြင့်လို့ ခေါ်ပါတယ်။ လယ်သမားတယောက်ပါ။ စောစောပိုင်း လူပျိုအရွယ်မှာ သူဟာ ရေဆင်း စိုက်ပျိုးရေး ကျောင်းက ဆင်းပြီးတော့ ရွာပြန်ပြီး ကျောင်းဆရာ လုပ်ပါတယ်။ ကျောင်းဆရာ လုပ်ရင်း နို့စားနွားမ မွေးမြူရေး လုပ်တယ်၊ ဥစားကြက် မွေးပါတယ်။ အဲဒီအချိန်မှာ သူ့အဖေ (ကျုပ်အဘိုး) ဦးထွေးက ရွာမှာ ဆန်စက်နဲ့ ဆီစက် ထောင်ထားပါတယ်။ အဘိုးကို ကျုပ် မမြင်ဖူးပါဘူး။ ကျုပ်မွေးမယ့်နှစ်မှာ အဘိုးက ဦးနှောက်သွေးကြော ပြတ်ပြီး ဆုံးသွားပါတယ်။ အဘိုးဆုံးပြီးနောက်ပိုင်း အိမ်ရဲ့စီးပွားရေးကို အဖေကပဲ ဦးဆောင်လုပ်ခဲ့ရတာပေါ့။
ရွာမှာ ဆန်စက်ကနှစ်လုံးထဲ ရှိပါတယ်။ တလုံးက အထက်ပိုင်း (၆)ရပ်ကွက်က ဦးမောင်ဆိုင် ပိုင်ပါတယ်။ နောက်တလုံးက ကျုပ်အဘိုးပိုင်ပေါ့။ အဘိုးရဲ့ ဆန်စက်က တနေ့ကို စပါး တရာ့ငါးဆယ်၊ နှစ်ရာလောက်ကျတယ်။ ဆန်စက်က ဘွိုင်လာ အင်ဂျင်စက်နဲ့မောင်းပါတယ်။ ကျုပ်ငယ်ငယ်က အချိန်အထိ ဆန်စက် က ခေတ်ကောင်းတုန်း။ နွေပိုင်း စပါးပေါ်ချိန်များ အိမ်ရှေ့လမ်းဘေး ၀ဲယာနှစ်ဘက်စလုံး စပါးလာကြိတ်တဲ့ လှည်းအစီး လေးငါးဆယ် လောက်က နေ့တိုင်း ရပ်ထားတာပေါ့။ ကျုပ်ငယ်ငယ်တုန်းက အထိ နေ့ရော ညပါ ကြိတ်နေရတုန်း။
နောက်ပိုင်း ဆန်စက်ခေတ်ကုန်တော့ ဆန်စက်ကိုရောင်းပြီး ဆီစက်ကိုပဲ စောက်ချလုပ်ပါတော့တယ်။
တနှစ်တခေါက်တော့ ဘွိုင်လာကို ဘွိုင်လာဝန်ထောက်က လာရောက်ပြီး စစ်ဆေးမှု ပြုလုပ်ရပါတယ်။ ကျုပ်ငယ်ငယ်တုန်းက ဘွိုင်လာ ၀န်ထောက် လာရင် အရမ်းပျော်တာပေါ့။ အစားကောင်းတွေ ကြိတ်ရတာကိုး။ ၀န်ထောက်မင်းက အိမ်ပေါ်ကို ဖိနပ်စီးပြီးတက်တယ်။ အရက်သောက်တာ လုံးဝမကြိုက်တဲ့ အဖေတို့က ၀န်ထောက်မင်းကို ဂျော်နီတုတ်ထောက်နဲ့ ဧည့်ခံပါတယ်။ အမေဘက်က အဖွားက ကျုပ်ကို "ငါ့မြေးကြီးလာရင် ဘွိုင်လာ လုပ်ပါလား" တဲ့။ အဖွားက ကျုပ်ကိုအချစ်ဆုံးမို့ အဲဒီလို ဘွိုင်လာဝန်ထောက်မင်း လုပ်စေချင်ပုံ ရပါတယ်။ စာလည်းမတတ်တော့ ဘွိုင်လာဝန်ထောက်လို့ ပြောရမယ့်အစား ဘွိုင်လာလို့ မှားပြောမိတာ ထင်ပါရဲ့။ မှတ်သားလောက်စရာ စကားပါဗျာ။
အဖေရော အမေဘက်ကပါ လယ် ဧက(၁၃) စီရှိပါတယ်။ နှစ်ဆယ့်ခြောက်ဧက ရှိတဲ့ လယ်တပွဲကို အဘိုးနှစ်ယောက်က ခွဲဝယ်လိုက်တာပါ။ အဖေ့ဘက်က အဘိုးဆီမှာ မြေပဲစိုက်တဲ့ ကိုင်းမြေလည်း ဆယ်ဧကလောက်ရှိတယ်။ ကျုပ်အဘိုးကို ခုခေတ် အခေါ်တော့ ဘောစေ့လို့ ခေါ်ရမယ်ထင်ပါ့။ :) အဘိုးက ရွာစပ်က (၅)ဧကလောက် ရှိတဲ့ အုန်းခြံထဲက ဆီစက်မှာပဲ အနေများတော့ ကျုပ်တို့အမျိုးတွေက မွန်လို ဘဂူး လို့ခေါ်ကြ ပါတယ်။ အဓိပ္ပါယ်ကတော့ ခြံထဲက အဖေပေါ့။ အဖွား ဒေါ်ကွန်မာ ကိုတော့ မေဂူ တဲ့။ ခြံထဲက အမေပေါ့။ အဘိုးနဲ့အဖွားပိုင် လယ်မြေ၊ ကိုင်းမြေတွေ လက်ညှိုးထိုး မလွဲဘူး။
အဖေဘက်က မောင်နှမ ငါးယောက်ရှိတာပေါ့။ အဖေက သားအကြီးဆုံး၊ ပြီးတော့ ဒေါ်ကြင်ငွေ(ခုတော့ ဆုံးပြီ၊ သူမိသားစုက မော်လမြိုင်မှာနေတယ်)၊ နောက် ဦးထွန်းချစ်(ကရင်ပြည်နယ်က NLD အမတ်ဟောင်း)၊ ပြီးငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးသွားတဲ့ တယောက်(ခုတော့ လူဝင်စား ဒေါ်လေးမြင့်ဌေး)၊ နောက်တော့ အငယ်ဆုံးဒေါ်ချိုအေး(သူက အဖွားဆုံးတဲ့အထိ အဖွားနဲ့နေသွားသူ၊ အသက် ငါးဆယ်နားနီးမှ အိမ်ထောင် ကျသူပါ)။
အဖေကတော့ အရမ်းရိုးသားပြီး စိတ်တိုလွယ်တယ်၊ ပွင့်လင်းတယ်၊ စကားကို တဲ့ထိုးအားမနာတမ်း ပြောတတ်တယ်၊ ဘယ်သူ့မျက်နှာမ မထောက်ဘူး။ သူ့ရဲ့ မိသားစုက တခါတလေ ဦးစိတ်တိုလို့ ခေါ်တယ်။ တခါတလေ မောင်နေအေးတဲ့။ အမေကတော့ မောင်စေတနာတဲ့ (စေတနာကောင်းလွန်းလို့)။
ကျုပ်အဖေက စက်ပြင်လည်းရတယ်လေ။ အိမ်မှာ အဖေစုဆောင်းထားတဲ့ ပစ္စည်း အတိုအစ တွေက ၀ပ်ရှော့ တခု ဖွင့်လို့တောင် ရတယ်။ သံအတိုအစတွေလည်း အများကြီး စုထားတယ်။ ပတ်ဝန်းကျင်က အင်ဂျင် ပျက်တာကအစ စက်ဘီး ဘီးပေါက် တာ အဆုံး အဖေက မညည်းမညူ လုပ်ပေးလိုက်တာပဲ။ ပစ္စည်း လာငှားရင်လည်း ပေးလိုက်တာပဲ။ ဒါကြောင့် အမေက ....
`ဒီမယ် ကိုဖေမြင့် ရှင့်ကိုလေ ရှင့်မိဘက ဖေမြင့်လို့ နာမည် ပေးဖို့မကောင်းဘူး၊ မောင်စေတနာလို့ပဲ နာမည်ပေးဖို့ကောင်းတယ်။ အိမ်ရှေ့မှာ "စေတနာ ၀ပ်ရှော့၊ အလိုက်ပေးပြီး ပြင်သည်"လို့ ဆိုင်းဘုတ် တင်ထားပါလား။ သူများတွေက ပစ္စည်းမငှားပဲ ကျမကို ငှားမယ်ဆို ရှင်ပေးလိုက်မယ်မဟုတ်လား´ လို့ ခဏခဏမေးတယ် ဆိုရင်ဖြင့် အဖေကတော့ မျက်နှာသေလေးနဲ့ ....
`ဒါကတော့ ဘယ်ဖြစ်မလဲ မရှိန်ရာ.... ကိုယ်မင်းချစ်ခဲ့တာ သူများတွေကို ငှားဖို့မဟုတ်ဘူး´လို့ ခပ်တည်တည်နဲ့ ပြောတတ်သေးတယ်လေ။
မှတ်မှတ်ရရ အမေက မကြခဏ ပြောပြဖူးတယ်။ မင်းအဖေရဲ့ လက်ရေးက ပဲပင်ပေါက်လက်ရေးတဲ့၊ မင်းအဖေရေးထားတဲ့ စာကို ဖတ်တတ်တာ နှစ်ယောက်ပဲ ရှိတယ်။ ငါနဲ့ သူ့အတန်း ပိုင်ဆရာမ ဒေါ်ညွန့်ကြည် (ကရင်ပြည်နယ် ပညာရေးမှူးဟောင်း)နှစ်ယောက်ပဲ ဖတ်တတ်တာ တဲ့။ (အမှန်မှာ ပဲပင်ပေါက်ထက် ဆိုးပါတယ်။)
အဖေ့အိမ်နဲ့ အမေတို့နေတဲ့ အိမ်က နီးနီးလေး၊ မျက်စောင်းထိုးလေးတင်။ ဆွေမျိုး နီးစပ်လည်း တော်ကြတယ် ဆိုလားပဲ။ (ဘိုး နဲ့ အဘေး ဆိုလား မောင်နှမတဲ့)သွေးချင်းတော့ နည်းနည်းဝေးတာပေါ့။ အဖေက အမေ့ကို အန်တီတဲ့၊ တခါတလေ "အိ...ခိုင်း" တဲ့။ (ဘေးတအိမ်ကျော်က စကားပြောရင်အသံကုန် ခြစ်အော်ပြောတတ်တဲ့ အဖွားကြီး တယောက်ရဲ့ အမည်ပါ)။
အမေ့အမည်ကတော့ မဖွားရှိန်ပါ။ ရွာမှာက မရှိန်လို့ ခေါ်တယ်။ မွန်လို ကွန်ဟတုပ် လို့ခေါ်တယ်(အဓိပ္ပါယ်က နှံကောင်ကလေးပေါ့)။ ဟုတ်တယ်လေ အမေငယ်ငယ်တုန်းက ခြေတံ လက်တံတွေက နှံကောင်လိုရှည်လွန်းလို့ နှံကောင် ဆိုပြီး တွင်ခဲ့တာပါ။ အမေက စာတော်တော့အတန်းထဲမှာ ပထမ အမြဲရတယ်။ ပြေးခုန်ပစ် ပွဲတွေဆိုရင်လည်း ဆုတံဆိပ်တွေက သူငယ်ချင်းတွေတောင် ကူသယ်ပေးရတယ်လို့ ပြောတယ်။ အမေက လူရည်ချွန်အနေနဲ့လည်း အရွေးခံခဲ့ရဖူး ပါတယ်။
အမေ့ရဲ့ အဖေနာမည်က ဦးအောင်ဇီ၊ အမေက ဒေါ်လှဝင်းပါ။ လယ်လုပ် ကိုင်းလုပ်ပဲပေါ့။ လယ်ကတော့ အဖေ့တို့လယ်နဲ့ ကပ်လျှက် ၁၃ ဧကရှိတဲ့ လယ်ပဲပေါ့။ အိမ်နောက်ဖေးမှာတော့ အဖိုးပိုင်တဲ့ ၀ါးခြံက အကျယ်ကြီးရှိတယ်။ အမေ့ မွေးချင်း ၁၁ ယောက်ရှိတယ်။ ဟိုခေတ်ကတော့ မိသားစုမှာ လူဦးရေ များတတ် ကြတယ် မဟုတ်လား။ နာမည်တွေတော့ မသိတော့ပါဘူး။ အမွှာလည်းပါတယ်၊ အထွေးဆုံး သားခြောက်လေး လည်းပါတယ်။ (အမေ့ဘက်က အဖွားကတော့ အဲဒီ သားခြောက်ကို မွေးပြီးမှ စီးပွားတက်တယ်လို့ ပြောပြဖူးပါတယ်။) ကျုပ်သိတတ်တဲ့အရွယ်မှာ အမေ့ဘက်က မောင်နှမ သုံးယောက်ပဲကျန်တော့တယ်။ အကြီးဆုံးက ဘကြီးထွန်းတင်၊ နောက် ဘကြီးမောင် (အမေနဲ့ တစက်ကလေးမှ မတည့်)၊ သူကတော့ အမေတို့ အိမ်နော်ကဖေးမှာနေတယ်။ အရက်တော့ အရမ်းသောက်တယ်။ အမေက အငယ်ဆုံး။ ကျန်တဲ့သူတွေတော့ ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေး ရပြီးစအချိန်မှာ ကာလ၀မ်းရောဂါ၊ ကျောက်ရောဂါ၊ ပုလိပ်ရောဂါတွေနဲ့ သေကုန်တာပဲ။ မခံနိုင်ဘူး၊ ဟိုခေတ်တုန်းက ကျုပ်အမေတောင် နဖူးမှာ ကျောက် တလုံးထဲပေါက်လို့ အမာရွတ်ထင်ကျန်ခဲ့ သေးတာ။ ဦးထွန်းချစ်ကတော့ မျက်နှာတပြင်လုံး ကျောက်ပေါက်မ တွေနဲ့ပေါ့။
အဖေကတော့ အမေ့ကို အရမ်းချစ်တာ။ ရည်းစားဘ၀တုန်းက အဖေက ပျဉ်းမနားရေဆင်းကောလိပ်မှာ (အဲဒီအချိန်တုန်းက တက္ကသိုလ် မဖြစ်သေးဘူးထင်ပါ့)။ အမေက မော်လမြိုင်တက္ကသိုလ်က ရွှေမြိုင်ဆောင်က အဆောင်ကျောင်းသူ ဘ၀။ သမိုင်းအဓိကနဲ့ ကျောင်းတက်တုန်းက အချိန်မှာပေါ့။ (နောက်တော့ အမေက အင်္ဂလိပ်စာသင်တန်း တက်ပြီးတော့မှ အင်္ဂလိပ်စာဆရာမ ဖြစ်လာတာပါ။)
`ကိုယ်...မရှိန်ကို လာတွေ့တော့ မရှိန်အပြင်ထွက်သွားတယ်လို့ သူငယ်ချင်းကပြောတယ်၊ မရှိန် မရှိပေမဲ့ ၀ရန်တာ မှာ လှမ်းထားတဲ့ မရှိန်ရဲ့ ထမီလေးကို တွေ့လိုက်ရတာ အလွမ်းကိုပြေသွားတာပဲ´လို့ အဖေ့ ရည်းစားထဲမှ စာအပိုင်းအစလေးကို အမေက ခဏခဏ ပြန်ရွတ်ပြဖူးတယ်။ (အဖေက အမေ့ကို အဲဒီလောက်ထိ သည်းတာလေ)။
အမေက ကျောင်းပြီးတော့ လှိုင်းဘွဲမြို့မှာ မူလတန်းပြဆရာမ အနေနဲ့ တာဝန်ကျတော့ အဖေက ရွာကနေလှိုင်းဘွဲအထိ စက်ဘီးနဲ့ ချီတက်တဲ့ အကြောင်းလည်းပါတယ်။ (ရွာနဲ့ ဘားအံမြို့က ၁၃ မိုင်ဝေးတယ်။ ဘားအံနဲ့ လှိုင်းဘွဲ က ၂၅ မိုင်လောက် ဝေးတယ်)။ အဲဒီခေတ်က ရွာနဲ့ ဘားအံက ခုခေတ်လို ကားလမ်း မပေါက်သေး၊ နှစ်ထပ်သင်္ဘောနဲ့ ရေလမ်းခရီးပဲ ရှိတာလေ။ မနက်အစောကြီး ရွာကနေ စက်ဘီးနဲ့ထွက်၊ (ဘီးပေါက်ရင် လေထိုးဖို့ လေထိုးတံပါ လိုရမယ်ရ ယူလာသေးတယ်။)ဘားအံရောက်တော့ မနက်စာစား၊ ခဏ နား။ ပြီးတော့ လှိုင်းဘွဲမြို့အထိကို စက်ဘီးနဲ့ နှင်လာခဲ့တဲ့ခရီးက နည်းနည်းနောနော ခရီးမဟုတ်။ ညနေ သုံးနာရီ လေးနာရီလောကမှ ရောက်တယ်။ တခါတလေ မိုးကြီးချုပ်မှ ရောက်တယ်။ (ချစ်တာ....ချစ်တာ)
အဖေကတော့ `ငါတို့ကတော့ မိန်းမကို ချစ်တဲ့နေရာမှာ မျိုးနဲ့ရိုးနဲ့ချစ်တာ´လို့ ကြွေးကြော်ခဲ့ဖူးတယ်။ ကျုပ်ကိုလည်း မိန်းမကို ချစ်တတ်အောင် သင်မပေးဖူး သော်လည်း သွေးသားထဲက ပါလာတယ်ထင့်။ မိန်းမကို အရမ်းချစ်:)။ ကျုပ် မိန်းမနှင့် အကြောင်းကြောင်းကြောင့် သဘောမတူတဲ့ အမေကို အဖေက...
`မရှိန်... ဒီကောင်က မိန်းမချစ်တဲ့နေရာမှာ ငါ့ထက်သာတယ်ကွ။ မင်းစဉ်းစားကြည့်ကွာ ငါတို့သဘာ မတူလို့ တားနေတဲ့ ကြားထဲက ဒီကောင် ရန်ကုန်နဲ့ ထုံးအိုင်ကို အိမ်ဦးနဲ့ ကြမ်းပြင်မှတ်နေတယ်။ အလုပ်အားတာနဲ့ လစ်ပြီ။ ဒီတော့ မင်းတားနေလည်း အပိုပဲ။´ဟု အဖေ့ စကားတခွန်းကြောင့် အမေ ပါးစပ်ပိတ်ခဲ့တာ ခုထိ မမေ့။
ကျုပ်အဖေ မှာက နို့စားနွားမတွေ အများကြီး။ လယ်လုပ်တော့ ခိုင်းနွားထီးတွေနှင့် အလုပ်မနိုင်တော့ နို့စားနွားမ တွေကို တံပိုးတတ်အောင်သင်ပြီး ရအောင်ခိုင်းသည်။ နွားမနှင့် နွားလှည်းမောင်းသည်။ ထယ်ထိုးသည်။ သားပေါက်လျှင် နွားနို့ညှစ်ရောင်းသည်။ ဆန်စက်နှင့် ဆီစက်ရှိလို့ ဖွဲနု၊ ပဲဖတ်နှင့် နှမ်းဖတ်တော့ နွားတွေက ကောင်းကောင်းစားရတယ်။ အမြဲတမ်း ၀ဖီးနေတာ။
ပတ်ဝန်းကျင်က ကိုယ့်ကိုယ်ကို ကျိန်ဆဲရင်တောင် ရိုးရိုးသား မကျိန်ဆဲဘဲ.....
`ဖေမြင့်နွား ဖြစ်ရပါစေ´တဲ့။
အလကားနေရင်း ကျုပ်အဖေက သူတို့ကြားထဲ မဟာလူကြမ်းကြီးဖြစ်ရသေးတယ်။ ဒီတော့ ကျိန်ဆဲသူကို မေးတော့....
`ဘာလို့ဆို မင်းစဉ်းစားကြည့်လေကွာ။ သူများနွားတွေက မိုးတွင်းမှာ စပါးစိုက် ပြီးရင် တမိုးလုံးအနားရတယ်။ နွေပိုင်း စပါးပေါ်ချိန် ကောက်လှိုင်းတိုက်၊ ကောက်နယ် (ကောက်လှိုင်းများကို နွားလှည်းဖြင့် နယ်တာကို ပြောတာ)၊ သလင်းသိမ်းပြီးရင်တော့ တနွေလုံး နားတော့။ ခု ဖေမြင့်နွားတွေက အစား ကောင်းတော့ စားရပါရဲ့။ နွားထီးမပြောနဲ့ နွားမ ဖြစ်တာတောင် အနားမရဘူး။ ကလေးမွေး ပေးရတယ်။ နွားနို့ အညှစ်ခံရတယ်၊ ပြီးတော့ နွားထီးတွေနဲ့ တန်းတူ အလုပ်လုပ်ကြရတယ်။ စက်နှစ်လုံးတေင် ရှိတော့ စပါးတိုက် ဖွဲတိုက်၊ မြေပဲတိုက်၊ မြေပဲဆီပို့နဲ့ တမိုးလုံး တနွေလုံး ကောင်းကောင်းကို မနားရပါဘူးကွာ´ ဟု ပြောကြသည်အထိ အဖေက စည်းစနစ် ကျကျ အလုပ်လုပ် ခဲ့တာပါ။
အမေကတော့ ရွာမှာအင်္ဂလိပ်စာ ဆရာမ လုပ်ရင်း နယ်မပြောင်းချင်လို့ ရာထူးတိုးမလျှောက်ခဲ့။ ခုပင်စင် အငြိမ်းစားဘ၀နဲ့ အင်္ဂလိပ်စာ ကျူရှင်ပြပြီး အေးအေးချမ်းချမ်းနေသားကျ။ အဖေက အသက်လည်း ကြီးပြီ။ သားသမီးနှစ်ယောက်လည်း နိုင်ငံရပ်ခြား အဝေးမှာ။ အဖေနဲ့ အမေ့နားမှာ တဦးတည်းသော အမက မွေးတဲ့ မြေးတယောက်နဲ့ပဲ အဖော်လုပ်နေရ။
ဒီပုံကို ဒီကနေ ယူတာပါ။
ရေသွင်းဖို့ စက်သုံးဆီဈေးကမြင့်၊ နှစ်စဉ်နှစ်တိုင်း သံလွင်မြစ်ရေက မတရားကြီး၊ ကောက်စိုက်စရိတ်၊ ပျိုးနှုတ်စရိတ် မတတ်နိုင်၊ ဓါတ်မြေသြဇာဈေးက လိုက်လို့ မမှီ။ လက်တွန်း လယ်ထွန်စက်လည်း မောင်းသူမဲ့၊ လယ်လည်း မလုပ်နိုင်တော့။ လယ်မြေတွေမှာ ကိုင်းပင်တွေ မြက်ပင်တွေက တောထနေပြီလား အဖေ။ လယ်တွေက ကော ကုန်ပြီလား။ တချိန်က အဖေ့လယ်ကို ဦးစီးလုပ်ခဲ့တဲ့ ကျုပ်ကို သတိရနေပြီလားအဖေ။
ခုချိန် ၀ါဆို၊ ၀ါခေါင်ဆိုရင် ရေလိုက်စပါး (ရေကြီးပြီး ရေအကျကို လိုက်ပြီး စိုက်သောစပါး) စိုက်ဖို့ ပျိုးထောင်ချိန် ဆိုတော့ အဖေကျုပ်ကို မျှော်နေမှာ ကျုပ်သိပါတယ် အဖေ။ တော်သလင်းလဆန်း ရင်တော့ စပါးစိုက်ချိန်ရောက် ပြီပေါ့နော်။ သားတို့ ဟိုတုန်းက စိုက်ခဲ့တဲ့ မနောသုခတို့ မနောပျက်တို့ က ခုချိန်မှာ ခေတ်မစားတော့ဘူး ထင်ပါ့။ ဆင်းဧကရီတို့၊ လုံးသွယ်မွှေး စတဲ့စပါး မျိုးတွေလည်း စိုက်မယ့်သူ ရှိသေးရဲ့လား အဖေ....။
ဆယ့်သုံးဧက ရှိတဲ့ လယ်ပွဲက စပါးတထောင် မထွက်ခဲ့ဘူးတဲ့ အဖေ့လယ်မှာ သားလယ်ထဲ စဆင်းတဲ့နှစ်မှာ "အင်းမရဲဘော်" စပါးစိုက်ပြီး စပါးထောင်ကျော် ထွက်ခဲ့ဖူးတယ်ဆိုတာ သားအမြဲ အမှတ်ရနေမှာပါ။ စပါးစိုက်ဖို့ ဂွန်ဒေါင်းစက် (တရုတ်ပြည်မှ သွင်းသည့် လက်တွန်းထွန်စက်) နဲ့ စက်ရိုက်တော့ လယ်ကနေ ငါးတွေ၊ ဖားတွေ ဖမ်းခဲ့ကြတာ ကျုပ်သတိရသေးတယ် အဖေ။
ဒီပုံကို ဒီနေရာက ယူခဲ့တာပါ။
ကန်သင်းရိုးဖို့ဘို့ ကျုပ်နဲ့ အဖေ ပေါက်တူးပေါက်ပြိုင် ခဲ့ကြတာ ကျုပ် အနိုင်ရခဲ့တယ်လေ။ အဖေက ကျောင်းတက်တုန်းက ကန်သင်းရိုးဖို့ (ပေါက်တူးပေါက်) ပြိုင်ပွဲမှာ ပထမ ရခဲ့ဘူးတယ် မဟုတ်လား။ အဖေက ညာဘက် တဖက်ထဲရပြီး ကျုပ်ကဘယ်၊ ညာနှစ်ဖက်စလုံးရလို့ အဖေရှုံးခဲ့တာလို့ တခြားလယ်သမားတွေကို အဖေကြွားခဲ့တာ ကျုပ်ဂုဏ်ယူမဆုံးပါဘူး အဖေ။
အမေကတော့ ငါ့သား.... ဖြစ်နိုင်ရင် မြန်မာပြည်ကို ပြန်မလာပါနဲ့။ ဒီမှာက ငါ့သားတို့ နေ၊ စား တတ်တော့မှာ မဟုတ်ဘူးတဲ့။ လယ်လုပ်မယ့်သူမရှိ၊ အားကောင်း မောင်းသန် မရှိတော့ဘူး၊ အားလုံးနီးပါး ရတဲ့နည်းနဲ့ ပြည်ပထွက် အလုပ်လုပ်ကြရတာ။ ကျန်နေတာက အဘိုးကြီး၊ အဖွားကြီးနဲ့ ကလေးငယ်လေးတွေ။ နေချင်စရာမရှိ။ ကုန်ဈေးနှုန်းတွေက တာဝတိံသာရဲ့ အထပ်ခိုးမှာ...။ ရှိတဲ့သူတွေက အဝေးရောက် သားသမီးတွေဆီက မျှော်စားနေရတာ...။ငါ့သား ပြန်လာရင် ဘာအလုပ် လုပ်စားမှာလဲ ဆိုတဲ့ အမေ့ စကားသံတွေသာ အထပ်ထပ် ကြားယောင်နေပါတယ် အမေ။
ရွာက ကျုပ်သူငယ်ချင်း ကိုညင့်၊ မဲတုန်း၊ ဇီလုံ၊ အောင်ပွား၊ အောင်နိုင်၊ မြွေ၊ ၀ဏ္ဏထွန်း၊ ပေါက်ကျိုင်း၊ သိန်းလင်းတို့ လည်း တချို့က မလေးရှားမှာ တချို့က ယပက်လက်(ထိုင်း) မှာလို့ကြားတယ် အမေ။ ဘုန်းကြီးတယောက်တော့ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ဖွင့်လို့ ကြီးပွားနေပြီလား။ ငယ်ငယ်တယောက်ကော လက်သမား အလုပ်နဲ့ တော်တော်လေး အခြေခိုင်နေပြီကြားတယ်။ ထွန်းနိုင်တယောက်တော့ ဘီအီး(ဘီအီးဒီစီ အရက်) ကိုက်လို့ သေပြီကြားတယ်။ ကျုပ်သူငယ်ချင်း အပေါင်းအသင်း တွေနဲ့လည်း တနေ့တော့ ပြန်ဆုံချင်ပါသေးအမေ။
ဘာပဲ ဖြစ်ဖြစ် ကျုပ်ကတော့ ရွာမှာပဲ ပျော်တယ်။ အခြေအနေအကြောင်းကြောင်းကြောင့် ရပ်ဝေးမှာပဲ ရွက်လွှင့်နေရပေမဲ့ အမေ တချိန်ကျရင်တော့ အဖေနဲ့ အမေတို့ရှိတဲ့ မွေးရပ်မြေကို ကျုပ်ပြန်လာခွင့်လေး လည်း ရချင် ပါသေးတယ်။ ဦးစီးမဲ့ပြီး တောထနေတဲ့ အဖေ့လယ်ကို ဦးစီးလုပ်ချင်ပါသေးတယ်။ ကျုပ် ရွာကိုသိပ်လွမ်းတယ်ဗျာ....