Thursday, August 14, 2008

ကျွန်ုပ်ချစ်သော ဇာတိမြေ

ကျနော်၏ဇာတိမြေကား ထုံးအိုင်ရွာတည်း။ ၎င်း၏တည်နေရာကား ကရင်ပြည်နယ်၊ ဘားအံမြို့၏တောင်ဘက် ၁၃-မိုင်ခန့်အကွာ၊ သံလွင်မြစ်၏အရှေ့ဘက်တွင် တည်ရှိသည်။ ဘားအံနှင့် မော်လမြိုင်မှနေ၍ မော်တော်ကားနှင့် သော်လည်း ကောင်း၊ သင်္ဘောနှင့်သော်လည်းကောင်း သွားလာနိုင်သည်။ သံလွင်မြစ် ကမ်းနဖူးပေါ်တွင် တောင် နှင့်မြောက်သွယ်တန်း၍ အရှေ့ဘက်တွင် နောင်ထလုံး၊ ကော့သံခါ၊ နောင်ဘို၊ ကော့ထံမလိန်း၊ ကော့ရန်းသော်၊ ကော့မုသွေ၊ ကော့ကွ၊ ကော့ဒိုက်ပြင် စသည့်ကရင်ရွာများ အနောက် ဘက် သံလွင်မြစ်၏ တဖက် ကမ်းတွင် နတ်မှော်၊ မန်ကျီးကျွန်း(စိုက်ပျိုးရေးစံပြကျေးရွာ)၊ ရေကျော်ကြီး၊ ရေကျော်လေးရွာ တောင်ဘက်တွင် မိန်းမလှ ကျွန်း(လွန်ခဲ့သော ဆယ်နှစ်ခန့်က မြစ်ရေကြောင်းပြောင်း၍ ရေတိုက်စားပြီး တရွာလုံးနေရာသစ်သို့ပြောင်းပြီး)၊ ဖအွံ၊ ကော့ကျိုက်(ဖအွံ)၊ ဖဲကတာ(မွန်ရွာ)နှင့် မြောက်ဘက်တွင် ၀ါးဆူး၊ ဖာလင်(၁ )နှင့် (၂) (ဒီရွာ နာမည်ကို ပေးထားတာ စဉ်းစားစရာပါ)၊ ၀င်းကျန်၊ ကော့လှိုက်(မွန်စကားမပြောတော့သော မွန်ရွာ သို့မဟုတ် ဗမာနှင့် မွန်စကားရောပြောသောရွာ)၊ ကော့ကျိုက် (ကော့လှိုက်) (သာမည ဆရာတော်ဘုရား ၏ ဇာတိ)(၎င်းရွာကို ကော့လှိုက်ကော့ကျိုက်ဟု ခေါ်သည်)။ တရုတ်လှ(ဗိုလ်ချုပ်တင်ဦး၊ ဗိုလ်ချုပ်သီဟသူရ သူရ စစ်မောင် တို့၏ ရဟတ်ယာဉ်၎င်းရွာအနီးတွင် ပျက်ကျပြီးနောက် စံပြကျေးရွာဖြစ်လာသည်။ (၀င်းသူဇာ အရောင်းခန်းမ ရှိသည်။ သံလွင် တံတား အနီးတွင်ရှိ) စသည့်ရွာများရှိသည်။ အရှေ့မြောက်ဘက်တွင် နာမည် ကျော် ဇွဲကပင်တောင်ကို ထင်ထင်ရှားရှား မြင်ရသည်။ အနောက်ဘက်သံလွင်မြစ်ပြင်ကိုကျော်၍ မုတ္တမတောင်တန်းနှင့် ကုလားမတောင်တန်း (နေ၀င်ချိန်တွင် ကုလားမအိပ်နေသည့် ပုံနှင့်တူသည်) ကို မြင်နိုင်သည်။

ကရင်ပြည်နယ်တွင် ရှိသော်လည်း မွန်လူမျိုးများ အများဆုံးနေထိုင်သည်။ ကရင်၊ ဗမာလူများလည်း အနည်း အကျဉ်း နေထိုင်သည်။ အများစုမှာ လယ်ယာကိုင်း လုပ်ငန်း၊ အဓိကလုပ်ကိုင်လျက်ရှိ၍ တံငါလုပ်ငန်းများလည်း ရှိသည်။ အိမ်ခြေပေါင်း နှစ်ထောင်ကျော် သုံးထောင်လောက်ရှိသည်။ ရပ်ကွက်ပေါင်း ကိုးခုနှင့်ဖွဲ့စည်းထားသည်။ အမှတ်(၁)ရပ်ကွက်သည် ရှေးကတည်းက ကူးတို့ဆိပ်ရပ်ဟု ခေါ်သည်။ ယခင်က ကူးတို့ဆိပ်ဖြစ်သည်။ တံငါသည် အများစုနေထိုင်သည်။ အမှတ်(၂) ရပ်ကွက်သည် ဂျပန်အင်္ဂလိပ်ခေတ်က အိမ်သုံးလုံးသာရှိသောကြောင့် သုံးအိမ်စုဟုခေါ်သည်။ အမှတ်(၃) ရပ်ကွက်သည် ယခင်က တရုတ်လူမျိုးများစုနေကြသဖြင့်တရုတ်စုဟု အများသိသည်။ အမှတ်(၄)ရပ်ကွက်သည် အရင်ကအလယ်စုဖြစ်သည်။ အစိုးရ အထက်တန်းကျောင်းရှိသည်။ အမှတ်(၅)သည် သင်္ဘောဆိပ်ရပ်ဟုခေါ်သည်။ ဈေးရောင်းသူအများစု နေထိုင်သည်။ သင်္ဘောဆိပ်၊ အ၀တ်အထည်၊ ကုန်ပစ္စည်းအရောင်းဆိုင်များနှင့် ဘုန်းကြီးကျောင်း(၃)ကျောင်းရှိသည်။

(၁)မှ (၅)ရပ်ကွက်အထိသည် ရွာသစ်(အောက်ပိုင်း)ဖြစ်၍ (၆)မှ(၉)ရပ်ကွက်သည် အထက်ပိုင်း(ရွာဟောင်းပိုင်း) ဖြစ်သည်။ (၆)ရပ်ကွက်သည် ဗမာစုဟုခေါ်သည်။ လယ်ကွင်းအစပ်နားတွင် ကရင်အမျိုးသားများစုပေါင်း နေထိုင် သော ကရင်စုရှိသည်။ ကျန်သည့် ရပ်ကွက် (၇၊ ၈ နှင့် ၉)သည် မွန်လူမျိုးများနေထိုင်သည်။ သင်္ချိုင်းသည် (၉)ရပ်ကွက်ကျော်သွားပြီးမှ ရွာအပြင်တွင်ရှိသည်။ ယခုရွာဈေးနှင့် ရ၀တရုံးထိုင်ရာ နေရာသည် ယခင်က ရွာသစ်ပိုင်း၏ သင်္ချိုင်းမြေဖြစ်သည်။ မူလတန်းကျောင်း လေးကျောင်း၊ အစိုးရ အထက်တန်းကျောင်း တကျောင်း၊ ဘုန်းကြီး ကျောင်း(၈)ကျောင်း၊ ပြည်သူ့ဆေးရုံ(88 မတိုင်ခင်က အုတ်မြစ်ချခဲ့ပြီး ဆယ်နှစ်ကျော်မှ ဆေးရုံဖွင့်)၊ အော်တို အိတ်ချိန်း တယ်လီဖုန်းရုံး (ကိုယ်ထူကိုထ)၊ စာတိုက်၊ ရဲစခန်း၊ စသည်တို့ရှိသည်။ သင်္ဘောဆိပ်ရှိသည်။
ဘားအံနှင့် မော်လမြိုင်မြို့သို့ ကားနှင့်သော်လည်းကောင်း၊ ရေလမ်းမှ မော်တော်ဘုတ်၊ သင်္ဘောစသည်ဖြင့် သွား လာနိုင်သည်။ ဘားအံနှင့် မော်လမြိုင်သွား ကားလမ်း(ဖြတ်လမ်း)မှ နိုင်ငံတော်အစိုးရ၏ စေတနာမေတ္တာကြောင့် ရွာအ၀င်ကျောက်ခင်းလမ်း ရှိသည်။ မိုးတွင်းကာလ ဗွက်ထူပြီး အသွားအလာမကောင်းသလို နွေ၌အသွားအလာ မသွက်ပေ။ လယ်ယာစိုက်ပျိုးရေးကို အဓိကထားသောကြောင့် နွားနှင့်လှည်းကို အားကိုးရသည်။ လက်တွန်း လယ်ထွန်စက် ရှိသည်။ ထော်လာဂျီရှိသည်။ ဆိုက်ကားရှိသည်။ ကားကို အင်ဂျင်ဖြုတ်ပြီး တရုတ်အင်ဂျင် တပ်ထားသောယာဉ် (နယ်အခေါ် ဖွတ်ချက်)ရှိသည်။

ဆန်စပါးကို အဓိကားထားစိုက်ပျိုးသည်။ မိုးတွင်းတွင် စပါးစိုက်သည်။ နွေပိုင်းတွင် ကိုင်းသီးနှံစိုက်သည်။ မြေပဲ၊ ငရုတ်၊ ပြောင်း၊ နှမ်း၊ ပဲအမျိုး၊ ခရမ်း၊ ခရမ်းချဉ်၊ ဂေါ်ဖီ၊ ဖရဲ၊ သခွား၊ ဖရုံဟင်းသီးဟင်းရွက်အမျိုးမျိုး၊ နှင့် ဆေးရွက် ကြီးစိုက်သည်။ မြေနုကျွန်းတွင် အဓိထားစိုက်ပျိုးသည်။ အနီးအနားဝန်းကျင်မှထွက်လာသော ဒေသထွက်ကုန် များကို ရွာဈေးတန်းတွင်လည်းကောင်း မော်လမြိုင်နှင့်ဘားအံသို့လည်းကောင်း တင်ပို့သည်။ ဒေသထွက် ပြောင်းဖူးပြုတ်၊ မြေပဲပြုတ်နှင့် စာကလေးကြော်၊ လယ်ကြွက်တို့မှာ နာမည်ကြီးသည်။ မြေပဲစိုက်သောကြောင့် ပဲဆီအစစ်ရသည်။

ဆယ့်နှစ်လရာသီပွဲတော်များအနက် သင်္ကြန်၊ ကဆုန်ညောင်ရေသွန်းပွဲ၊ သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် တပေါင်းလ (ဇွဲကပင်ဘုရားပွဲ)တို့မှာ နာမည်ကြီးသည်။ တန်ခူးလ သင်္ကြန်ပွဲတော်တွင် ရပ်ကွက်တခုကို မဏ္ဌပ် အနည်းဆုံး တခု၊ နှစ်ခုရှိကာ ရေပက်ခံလှည်း၊ ထော်လာဂျီများနှင့် ရေပက်ခံထွက်ကြသည်မှာပျော်စရာ ကောင်း ပါသည်။ မုန့်လုံးရွေပေါ်၊ ပဲလက်သုပ် မုန့်လက်ဆောင်း၊ ရွှေရင်အေးစသည်တို့စတုဒိသာကျွေးသည်။ (စကားမစပ် ထုံးအိုင်တွင်ဘုံဆိုင်လည်း ပေါများပါသည်။ ရွားသားများလည်း တော်တော်လေးအရက်သောက်ကြမ်းပါသည်။ ရွာထိပ်က ဘုံဆိုင်တွင် သင်္ကြန်တွင်းလေးရက် ဘီအီးဒီစီအရက် (၄)ပီပါ(တိုင်ကီ)ကုန်သည်။ ကြွားတာ မဟုတ်ဘူးနော်) ကဆုန်လတွင် ညောင်ရေသွန်းပွဲ တော်တွင် နှစ်စဉ်နှစ်တိုင်း ဗောဓိညောင်ပင်ရှိရာ အမှတ်(၂)ရပ်ကွက် အောင်တော်မူ စေတီ (ကျိုက်ထီးရိုးပုံစံတူရှိသောစေတီ) ၌ ဇာတ်ပွဲသွင်း၍ကျင်းပသည်။ သီတင်းကျွတ်တွင် တရွာလုံး မီးထွန်း၍ လည်းကောင်း လပြည့်ကျော် (၁)ရက် နေ့တွင် ရွာလုံးကျွတ် သက်ကြီးပူဇော်ပွဲကြီးကို (၃)ရပ်ကွက်က ဆောင်တော်မူစေတီတွင်ကျင်းပသည်။ တပေါင်းလဆန်း(၁၄)ရက် နေ့တွင် ကရင်ပြည်နယ်၏ နာမည်ကျော် ဇွဲကပင် ဘုရားပွဲတော်ကိုကျင်းပသည် (တကယ့်ဘုရားပွဲတော်ရက်မှာ လပြည့်နေ့တွင်ဖြစ်သည်)။ ကျွန်ုပ်တို့ရွာက ဆယ့်လေးရက်နေ့ တွင် ရွာနီးချုပ်စပ်မှ လာရောက်၍စုရုံးကာ လှည်းနှင့်ဘုရားဖူး ထွက်ကြသည်။ တနယ်တကျေးမှ လူများလည်းလာရောက်ပြီး ပါဝင်ဆင်နွှဲကြသည်။ ထုံးအိုင်မှလူများက တော်ပုံရွာဘက်မှ တက်ကြ၍ ဘားအံဘက်မှလူများက ခလောက်နို့ရွာ (ခလောက်နို့ ပုံပြင်များဟု နာမည်ကြီးသည်။ စကားတောင်စား ကဲ့သို့သော လူများရှိသည်။)ဘက်မှ တက်ကြသည်။
နာမည်ကျော် ဇွဲကပင်တောင်
(ကရင်အဖိုးကြီးနှင့် ကရင်မနှစ်ယောက်တွဲပုံကို ရေးရေးလေးမြင်ရသည်)

တောင်ခြေရေတံခွန်(ကျောက်ကြားမှ စိမ့်ထွက်လာသော စမ်းပေါက်)တွင် ရေချိုးပြီးတောင်ပေါ်တို့တက်ကြသည်။

သင့်ကိုလည်း လတ်ဆတ်သောအစားအစာ၊ လှပ၍ ပျော်ရွှင်စရာ၊ လည်ပတ်စရာများနှင့် ပြည့်စုံသော ဧည့်ဝတ် ကျေပွန်သောရွာပျိုဖြူများကြောင့် ကျွန်ုပ်၏ ဇာတိမြေသို့ အလည်တခေါက်လောက်ဖိတ်ခေါ်ချင်ပါသည်။


မောင်ကမ္ဘာ