ကျနော်နဲ့ နီးစပ်ခဲ့ဖူးတဲ့ ကြားခဲ့ဖူးတဲ့ အမည်များအကြောင်းပါ။ ဗဟုသုတအနေနဲ့ မျှဝေတာပေါ့ နော....။ တကယ်လို့ စာဖတ်သူများလည်း လိုအပ်တယ်ထင်ရင်တော့ (သို့) စိတ်ပါရင်တော့ ကွန့်မင့်မှာ ၀င်ရေးပေးဖို့ ဖိတ်ခေါ်ပါရစေ.....
ကျနော့်ရဲ့ အမည်ရင်းကတော့ ရာကျော် လို့ခေါ်ပါတယ်။ အဖေက လယ်သမား တယောက်ပါ။ ရာကျော် (စပါး နာမည်) စပါးစိုက်မယ့်နေ့၊ ပြာသိုလပြည့်နေ့မှာ မွေးပါတယ်။ အဖေက ယောက်ျားမွေးရင် ရာကျော်လို့ နာမည်ပေးမယ်။ မိန်းကလေး မွေးရင်တော့ စီလေး(C-4) တဲ့။ အဲဒီလို သူရင်းငှားကို မှာပြီးတော့ လယ်ထဲ ဆင်းချသွားပါတယ်။ ယောက်ျားလေးမွေးရင် လယ်ထဲကိုဆင်းလာပြီး အကြောင်းကြားပါ။ မိန်းကလေး ဆိုရင်တော့ မင်း ဆင်းလာစရာမလိုဘူး ဆိုပြီး မှာသွားပါတယ်။
အဲဒီခေတ်မှာ ရာကျော်စပါးတို့ စီလေး စပါးတို့ဆိုတာ အထူး အတွက်တိုး စပါးမျိုးတွေပေါ့။ ရက်ပေါင်းတရာကျော်နဲ့ ရိတ်သိမ်းနိုင်တယ်လေ။ ကျနော်က တကယ်လို့ မိန်းကလေးဖြစ်ခဲ့ရင်တော့ မစီလေး လို့ အခေါ်ခံရမှာတော့ သေချာတယ်။ တော်သေးတာပေါ့။ ခုခေတ်လိုမျိုး စပါးနာမည်တွေက မနောပျက်တို့၊ ဧည့်မထတို့၊ လုံးသွယ်တို့၊ ဘေးကြားတို့၊ တောင်ပျံတို့၊ တတောင်ပိုတို့၊ တို့လိုစပါးမျိုးသစ်တွေ မပေါ်သေးတာ တော်သေး တာပေါ့နော........:)။
ကျနော့်ကိုမွေးပြီး သုံးလကြာတော့ ရာကျော်စပါးက ရိတ်သိမ်းဖို့ အချိန်ကျပြီလေ။ အဖေ့ရဲ့ ပြုစုယုယမှုနဲ့ လုံ့လ ဝိရိယကြောင့် စပါးတွေက ရွှေဝါရောင်ဝင်းမှည့်နေတာ ရွှေကော်ဇောကြီးခင်းထားသလို တနယ်လုံးက လူတွေ လာကြည့်ပြီး ချီးမွမ်းမဆုံးဘူး။ ဒါပေမဲ့ သင်္ကြန်မိုးကရွာချလိုက်တာ ချက်ချင်းဆိုသလို မိုးတွင်းနဲ့ ဆက်သွားတော့ အဖေ့ခမြာ စိုက်ထားတဲ့ စပါးက ပလုံဆိုတဲ့အသံတောင် မထွက်နိုင်တော့ပါဘူး။ အမေ့က ခဏခဏ ပြန်ပြောပြလို့ မှတ်သားမိပါတယ်။
နာမည်ရင်းက ရာကျော်။ ဒါပေမဲ့အများစုက မွန်ဆိုတော့ ရာဂျော လို့ပဲ အသံထွက်ခေါ်ကြပါတယ်။ ဘယ်သူမှ ရာကျော် ဆိုပြီး ပီပီသသအသံထွက်ပြီးတော့ မခေါ်ပါဘူး။ ခေါင်းကလည်း အရမ်းကြီးဆိုတော့ အဖေက ကျနော်ငယ်စဉ်က ခေါင်းကြီး(ဂေါင်းကြီး)လို့ပဲ ခေါ်ပါတယ်။ ကျနော် ငယ်စဉ်က နာမည်ကြီး ဦးမောင်မောင်သန်း ဆပ်ကပ်(လို့ထင်ပါတယ်) ရွာမှာလာရောက် ဖြေဖျော်တယ်လို့ အိမ်နီးနားချင်းတွေက ပြန်ပြောတာ မှတ်ထားမိပါတယ်။ ဦးခေါင်းအရမ်းကြီးတဲ့ မောင်ကမ္ဘာဆိုတဲ့လူလည်း ဆပ်ကပ်အဖွဲ့ထဲမှာ ပါလာတယ်။ အဲဒီနောက်ပိုင်း အိမ်နီးနားချင်းတွေ က ကျနော့်ကို မောင်ကမ္ဘာဆိုပြီး ခေါ်ကြပါတယ်။
နောက် ဆယ်တန်းအောင်ပြီး ဘားအံကောလိပ် (အဲဒီတုန်းကတော့ ကောလိပ်အဆင့်ပဲ ရှိသေးတယ်) ရောက်တော့ သူငယ်ချင်းတစုက လယ်လုပ်တဲ့ကျနော့်ကို ကျွဲ လို့ခေါ်ပါတယ်။ သူတို့လည်း အမည်ပြောင်(pad names) အမျိုးမျိုးနဲ့ပေါ့။ ဘုန်းကြီးဝတ်ပြီး ပြန်ထွက်လာတဲ့ ဘုန်းကြီးလူထွက်ကို ဘုန်းကြီး၊ အအိပ်ကြီးတဲ့ ကောင်ကို နဂါး၊ ခြေဆော့ လက်ဆော့နိုင်တဲ့ကောင်ကို မျောက်၊ ပျော့စိစိ၊ အိညက်ညက်ကောင်ကို သားလေးဆိုတာမျိုး ရွှေဂွန်းရွာက လာတဲ့ကောင်ကိုတော့ ရွှေဂွန်းဆိုတာမျိုးပေါ့ ~@#$%^&*....။
ကျနော့် အမေနာမည်က ဒေါ်ဖွားရှိန်ပါ။ အများစုက မရှိန်လို့ ခေါ်ပါတယ်။ မွန်သံနှင့် ပီပီသသမထွက်နိုင်ဘဲ အများစုက မဇိန်လို့ပဲ အခ်ါများပါတယ်။ မမြင့်ကိုလည်း မမစ်တို့၊ မညင့်၊ အမိ၊ ဆိုပြီးတော့ အများအပြားခေါ်ကြပါတယ်။ ကိုမြင့်ကိုလည်း ကိုညင့်၊ ကိုမစ်၊ ကိုမင့်ဆိုပြီးခေါ်ကြပါတယ်။ ဘေးအိမ်က ကောင်လေး မဲမဲ၊ လုံးလုံး လေးမို့ မဲတုံး။ အသားဖြူဖြူနဲ့ ကောင်လေးကို ဖြူတုံး၊ နောက် အမေ့ဝမ်းကွဲ ညီမ၊ ဒေါ်လေးရဲ့ အမျိုးသား အမည်က ဦးကျင်သိန်း။ ဦးကျင်သိန်းကို ဘယ်သူမှ သိပ်မသိပါဘူး။ အားလုံးက ဦးဆယ်ပြားလို့ပဲ သိပါတယ်။ သူ့သမီး (ကျနော့် ၀မ်းကွဲ ညီမ) ကိုတော့ ကျနော့်အမေ တယောက်ထဲက ငါးပြား ဆိုပြီးတော့၊ ညီမဖြစ်သူကို ပုပုလုံးလုံးမို့ လောက်စာလုံးလို့ ခေါ်ပါသတဲ့။ နောက်ဖိုးကြီးတယောက်အမည်က ဦးခြောက်ပြားတဲ့။ သူ့အကိုနာမည်က ဦးပေါင်းတည်ပါ။ (ပေါင်ဒါ (ပေါင်းတည်ကို ဖျက်ခေါ်သည်) တဗူး ခြောက်ပြားလို့ ကဗျာလို အော်ပြီးရွတ်ဆိုကြတာကို မှတ်သားမိပါရဲ့)။
ငယ်ငယ်ကတည်းက သူငယ်ချင်း အချင်းချင်းကြား ဆော့ရင်းနဲ့ ရန်ဖြစ်လွန်းတဲ့သူကို ချစ်စနိုးနဲ့ "ကွန်ပရွမ်း" တဲ့။ အဓိပ္ပါယ်ကတော့ မဆိုးဆိုးတို့ ဆိုးပေ တို့လိုဟာမျိုးပေါ့။ ရွာမှာက ကွန်ကရွမ်းဆိုတဲ့ အမည်နဲ့ အဒေါ်ကြီး လေးငါး ခြောက်ယောက်လောက် တွေ့ဖူးပါတယ်။ အားလုံးဟာ ထမိန်(ထမီ)ကို အလံထူမယ့်သူချည်းပါပဲ။ ယောက်ျားလေးမှာ အဲဒီအမည်မျိုးကို ပေးလေ့မရှိပါဘူး။ ယောက်ျားလေးဆိုရင်တော့ မိုက်ခဲတို့၊ မိုက်တီး ဆိုတဲ့ အမည်မျိုး ပေးတတ်ကြပါတယ်။
လွတ်လပ်ရေးရပြီးခေတ်မှာ နယ်တိုင်း နယ်တိုင်းမှာ သူပုန်လိုလို၊ ဒါးပြလိုလို မျိုးချစ်ရဲဘော်လိုလို ကိုယ့်နယ်မှာ ဗိုလ်ကျ စိုးမိုးသူတွေ ရှိကြတယ်မလား။ ကျနော်တို့ ရွာမှာလည်းဗိုလ် တဗိုလ်ရှိခဲ့ဖူးပါတယ်။ နာမည်က ဦးပစောက်(ဦးပ)ပါ။ ဦးပစောက်လာရင် ခွေးတွေတောင် ရွာလယ်လမ်းမမှာ လမ်းမသလားရဲတော့ဘူး။ ကျနော်ပြောချင်တာက အက္ခရာစာလုံးတွေနဲ့ ထူးဆန်းတဲ့အမည်တွေကို ပေးထားတာပါ။ နောက်ပိုင်းကျတော့ ကိုခ၊ ကိုဒဒွေး၊ ကိုဝလုံး၊ ဖိုးသုည(လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်တုန်းက ထုံးအိုင်ရွာရဲ့ လက်ဝှေ့ကျော် တဦး) ပါ။ နောက်တယောက်က ဒေ၀ တဲ့။ (သူ့ကို ဒေဝ လို့မခေါ်ဘဲနဲ့ သူ့သူငယ်ချင်း တွေက ခြောက်ရာသုံးဆယ် လို့ပဲ အမည်ပြောင် ပေးထားပါတယ်)
ရွာမှာတော့ အများစုက မွန်နာမည်များဖြစ်ပါတယ်။ တချို့ကတော့ အသံပဲ ထွက်လို့ရပြီး အဓိပ္ပါယ်တော့ လုံးဝ မရှိပါဘူး။ အခုအချိန်မှာတော့ ဗမာဆန်ဆန်ပဲ နာမည်ပေးကြပါတယ်။
အရော၊ အရူး၊ အရဲ၊ အရီး၊ အရား၊ အရိန်း၊ အရွတ်(အာဒါလွတ်)၊ စရစ်၊ (ရကောက်အားလုံးကို R-အသံထွက်ဖတ်ပါ)နဲ့ အယ(အရ)၊ အယင် စတဲ့နာမည်ဆန်းတွေကိုလည်း ပေးတတ်ကြပါတယ်။ အရူး (အယူးမဟုတ်) နာမည်မျိုးဆိုရင် အသံအနိမ့်အမြင့်ကိုလိုက်ပြီး အမည်ကွဲတွေ အများကြီးရှိပါတယ်။ မွန်လိုလည်း အဓိပ္ပါယ်မရှိ၊ ဗမာလိုလည်း ခေါ်ရခက်တဲ့ နာမည်မျိုးတွေပါ။
ဦးခွေးကလေး၊ ဦးခွေး၊ ဦးလိပ်၊ တောဝက်၊ မကွန်းဟဂဲူ (မကြောင်ကလေး)ပေါ့၊ ဦးစာကလေး (Sparrow taler) အပ်ချုပ်ဆိုင် ဖွင့်ဖူးပါတယ်၊ မဝက်မ၊ ဦးပိုးဖြူ (သူက တကျွန်းပြန်ကြီးပေါ့)၊ ခွေးချေး၊ တောကြောင်၊ ကြောင်ပါး၊ ဒေါ်ကွန်ဟတမ်း (ဒေါ်ဂဏန်းကလေး)၊ မခွေးမ၊ ဒေါ်ခွေးမေ၊ ကွန်းဟဒိုက် (ကျီးကန်းပေါက်)၊ ကွန်းပေါက် (ဗျိုင်းပေါက်စ)၊ မကွန်ဟဒွတ် (မငါးပူတင်းကလေး)၊ ဦးကြွက်၊ စသဖြင့် တိရစ္ဆာန်အမည်များ ကိုလည်း ပေးတတ်ကြပါတယ်။ တချို့ကလည်း ဦးပေါက်တူး၊ လိုအမည် မျိုးပေးတတ်ကြပါတယ်။ တချို့ကလည်း ကောက်ရ၊ ငွေရ ဆိုတဲ့ အမည်မျိုး ပေးတတ်ကြပါတယ်။
ကျနော့်တို့အိမ်ရဲ့ မျက်စောင်းထိုးအိမ်က ကလေးတွေအများကြီး မွေးထားတဲ့အိမ် တအိမ်ရှိပါတယ်။ မိဘဖြစ်သူက ကိုင်းအလုပ် လုပ်ပါတယ်။ အဖေ နာမည်က ဦးထွန်းသောင်ပါ။ ဒါပေမဲ့ အများစုက ဦးကကျား (ကဆိုတာ ငါး။ ကျားဆိုတာ လေလို့ အဓိပ္ပါယ်ရပါတယ်။ လူမစားပါဘူး။ ငါးပျံလို အကောင်မျိုးကိုခေါ်တာပါ) ပဲ အများသိပါတယ်။အမေဖြစ်သူက ငယ်ထိပ်ကနေ ဆံပင်တွေ ကျွတ်ကုန်လို့ အများစု ဒေါ်ဟလပ် (မွန်သံနှင့်) ခေါ်ရာက ဒေါ်ငတ် ဖြစ်သွားပါတယ်။ သားသမီးတွေရဲ့ နာမည်ကတော့ ကျောင်းနာမည် လှလှလေး တွေရှိပါတယ်။ ဒါပေမဲ့ အများစုကတော့ သူတို့ကို နော်ဟဒါး၊ ပတ်တီးရော(လက်ဝှေ့သမား နာမည်က ရှုတိုင်းယဉ်)၊ ချနခလူး၊ ရွှေကျေး၊ နောက်တယောက် (ကိုအေးကို) ကို စံပယ်ဖူး တဲ့၊ မတင်အေး ကို မသာအေးတဲ့၊ မျက်နှာပြဲပြဲနဲ့ ကိုမျိုးသန့်ကိုတော့ (ကျွဲမတန်ဆာ @~&$*#)၊ နောက် မလှထွေးကို လော်(လောက်စပီကာကို ဆိုလိုသည်)။ မြေးလေးကိုကျတော့ ပုပုလုံးလုံးမို့လို့ အောင်လုံး။ မှတ်သား လောက်စရာ ရပ်ကွက်က ပေးထားသော အမည်ပြောင်များ ဖြစ်ပါတယ်။
သုံးရပ်ကွက်က ရေတွင်းဘေးက အိမ်မှာ စိတ်မနှံ့တဲ့ ဒေါ်သင်းမေ ဆိုတဲ့ အဖွားတယောက်ရှိပါတယ်။ "ဟေ့...သေမင်း၊ ဟေ့...သင်းမေ။ ဟေ့...သင်းမေ၊ ဟေ့...သေမင်း" ဆိုပြီး အိမ်ရှေ့ကြမ်းပြင်ကို တဒိုင်းဒိုင်းထုပြီး သူ့အမည်ကို အတည့်ရွတ်လိုက်၊ ပြောင်းပြန်ရွတ်လိုက်နဲ့ အလုပ်ရှုပ်နေပါတယ်။ အမေ ရေတွင်းမှာ ရေသွားခပ်တာနဲ့ ကြုံပါတယ်။ အဲဒီအချိန်မှာ အမေက "ဟေ့...ဖွားရှိန်" ဆိုပြီး လှမ်းစလိုက်ပါတယ်။ အဖွားကတော့ ဖွားရှိန်ဆိုတဲ့ အမည်ကို ဟေ့ဖွိုန်ရှားလို့ ပြောင်းပြန် မခေါ်တတ်တော့ဘဲ သူ့ဟာသူ အလုပ်ရှုပ်ပြီး အိပ်ပျော်သွားပါတယ်။ အဲဒီတော့မှ အဖွားကလည်း အနားရသွားပါတော့တယ်။
နှစ်ရပ်ကွက်က ဦးပေါက်ကျိုင်းဆိုတဲ့ လူတယောက်ရှိပါတယ်။ သူ့သားသမီး အမည်များ ကတော့ ဆိုက်ကား၊ လန်ချား စတဲ့ စီးတော်ယာဉ်များအပြင် စမအင်း၊ ကရဝင်း ဆိုသူများလည်း ပါတယ်။ ပေးမှ ပေးတတ်ပလေ။
အမည်ရှားပါးသော မိသားစုလည်း တွေ့ဖူးပါတယ်။ အကိုကြီးက လွင်မြင့်၊ ညီက မြင့်လွင်၊ အမဖြစ်သူက မြင့်မြင့်ဌေး၊ ညီမဖြစ်သူက ဌေးဌေးမြင့်တဲ့။ ပေးစရာအမည် တော်တော်လေးပေါများနေတဲ့ ခေတ်ကြီးမှာ အမည်ရှားပါးနေတဲ့ မိသားစုပါ။
သင်္ဘောဆိပ်နားက ကွမ်းစားထုံးလိုက်ပို့အိမ်က အဒေါ်ကြီးရဲ့ အမည်ကလည်း မှတ်သား လောက်စရာပါ။ "ကျပကျစ်" တဲ့။ ဗမာစကား မပီကလာ ပီကလာ ပြောတတ်တဲ့ သူ့ရဲ့သူငယ်ချင်းများကြောင့် ခဏခဏ စိတ်ကသိကအောက် ဖြစ်ရပါတယ်လို့ အဒေါ်ကြီးက ကြုံတိုင်းပြောပြတတ်ပါတယ်။ (မယုံရင်တော့ အဲဒီအမည်ကို ကိုယ့်ဟာကို ဗမာလို အသံထွက်နဲ့ မပီကလာ ပီကလာနဲ့ ဆိုကြည့်ပါ။ စိတ်ဝင်စားစရာ တွေ့ရပါလိမ့်မယ်။)
ရွာမှာက"အကလိ" (အကလိ ကို တဆက်ထဲ မြန်မြန်ခေါ်ရပါမယ်။) လို့ခေါ်တဲ့ သူကြီးဟောင်း တယောက် ရှိခဲ့ဖူးပါတယ်။ သူကြီးကလည်း ခပ်ဆိုးဆိုး၊ ခပ်တေတေ ဆိုတော့ ရွာသူရွာသားများလည်း စိတ်ညစ်တာပေါ့။ တဆင့်စကား တဆင့်ပွားပြီးသူကြီးကိုယ်တိုင် ကြားတော့ "ဟေ့... အကလိ ကိုမကြိုက်ရင် ရွာပြောင်းလိုက်" ဆိုပြီး သူကြီးအရက်မူးတိုင်း ကြုံးဝါးသံအကြာင်းကို တဆင့်စကား တဆင့်ကြားမိပါရဲ့။
နောက် နဝတခေတ် ရောက်တော့ ဦးသိန်းဖေ ဆိုတဲ့ ဘုန်းကြီးကျောင်းထွက် သူကြီးတယောက် ပေါ်လာပြန်တယ်။ စာမတတ်၊ ပေမတတ် ဆိုတော့ ဦးဗျော ဆိုတဲ့ သူကြီးလက်ထက်မှာ သူက ပြည်သူ့စစ် ခေါင်းဆောင်။ ဦးဗျော ပြုတ်ကျတော့ အဖားကောင်းပြီး သူက သူကြီးတက်ဖြစ်ပါလေရော။ သူရေးတဲ့ စာတစောင်က အရေးအသားကောင်းတော့ ကျနော် ဖတ်ပြီး မှတ်သားဖူးပါတယ်။ ဒီလိုပါ....
သို့ /
အတွင်းရေးမှူး မောင်ငွေလှိုး
မန်ကျီးသွားရန် ကိစ္စီ
အမြန်လာပါ။
အရိုးသေစွာဖြင့်
ငှက္ကဌ သိန်းဖ။
အမှန်မှာက
သို့ /
အတွင်းရေးမှူး မောင်ငွေလှိုင်
မန်ကျီးကျွန်းရွာသို့ သွားရန်ကိစ္စ
အမြန်လာပါ။
ရိုသေစွာဖြင့်
ဥက္ကဌ သိန်းဖေ။
ဆိုပြီး ရေးရမှာဖြစ်ပါတယ်။ မောင်ငွေလှိုင် ဆိုတာ ရွာမှာက အတွင်းရေးမှူး(၁) ဆိုတဲ့လူပေါ့။ သူကြီးရေးတဲ့စာမှာ ပါတဲ့ သတ်ပုံ အမှားအယွင်းများကြောင့် မှတ်မိနေတာပါ။ ကိုယ့်ရဲ့ အမည်ရင်းကိုတောင် မှန်အောင်မပေါင်းနိုင်တဲ့ သူက ကျနော်တို့ရွာမှာ သူကြီးသက်တမ်း နှစ်ဆက်ကြာအောင် ဆယ်နှစ်လောက် မင်းမူအုပ်ချုပ်ခဲ့ပါသတဲ့ဗျား။
မောင်ကမ္ဘာ

2 comments:
အရေးအသားကတော့ လန်းတယ်ဗျာ ကိုစီလေး အဲ့ယောင်လို့ ကို ဂမ်ဗာ..များများရေးဗျို့ အားပေးနေတယ်
ဖတ်ရင်းနဲ့ရယ်ရတယ်၊ ပြုံးရတယ်။
အသံထွက်ဖတ်ခိုင်းတဲ့ နေရာကို အသံထွက်ကြည့်ပြီးထပ်ရယ်ရတယ်
Post a Comment