Monday, February 23, 2009
ကဗျာလေးတွေ
စားကျက်ထဲ
အုပ်စုလိုက်သင်းကွဲနေတဲ့
သိုးအုပ်တွေကြားတရွေ့ရွေ့
နေ့များ
ညတွေက ဆင်ခြေအမှားတွေနဲ့ညားလို့
အပျင်းပြေဆိုပြီး
တနေ့နေ့
တနေရာရာက
မိုးကုပ်စက်ဝိုင်းဆီကို
မှန်းဆ
စက္ကူနဲ့လေယာဉ်ရုပ်ချိုးကြ
အပျင်းပြေဆိုပြီး
သက်ကယ်မိုး၊ ၀ါးထရံကြား
အလှမွေးထားတဲ့ငါးလေးတွေ
စုန်ချီဆန်ချီ
အပျင်းပြေဆိုပြီး
လူစုကြ
ဘောလုံးကန်ကြ၊ ခြင်းခတ်ကြ
အထိမ်းအမှတ်နေ့ တက်ရောက်ကြ
မိန့်ခွန်းပြောကြ
အပျင်းပြေဆိုပြီး
ရည်းစားထားကြ၊ လမ်းသလားကြ
ရေဒီယို နားထောင်ကြ
နိုင်ငံရေးစာပေ လိုက်စားကြ
နာမည် အလွတ်ကျက်ကြ
တကိုယ်လုံး အစားခံရဖို့
တဘ၀လုံး အသားတိုးပေးခဲ့ရ
ဝက်တကောင်ရဲ့ဘဝ
လူကိုယ်တိုင်က လူ့အခွင့်အရေးစာအုပ်တွေ
ပြန်ဖတ်နေရ
အပျင်းပြေဆိုပြီး
ရွာပုန်းကြ၊ ရွာရှောင်ကြ
ခြေပြတ်ကြ၊ လက်ပြတ်ကြ
အဖေမဲ့ကြ၊ သားပျောက်ကြ
တောရောက်ကြ၊ တောင်ရောက်ကြ
ရယ်ရတယ်နော်
မောတော့ရယ်တယ်
ရယ်တော့ မမောတော့ဘူး
မောမောရယ်ရယ်ပေါ့ဗျာ
သေနတ်တလက်ရဲ့အဓိပ္ပာယ်ကတော့
မောင်းခလုတ်ကိုဖြုတ်တဲ့
လက်ညှိုးတချောင်းနဲ့သာ သက်ဆိုင်ခဲ့ပါတယ်။ ။
(၁၂၊ ဒီဇင်ဘာ ၊ ၂၀၀၆)
ကို သစ်ကောင်းအိမ် ရဲ့ကဗျာတပုဒ်ပါ။
အပျင်းပြေဆိုပြီး
ဘ၀ကိုအရောင်လှလှချယ်ပေးကြည့်တာ
ကာလာသီအိုရီတွေမသိတော့
စိတ်ပျက်စရာပန်းချီကားတစ်ချပ်
ကိုယ့်ကိုရပ်ကြည့်နေတာတွေ့ရတယ်
အပျင်းပြေဆိုပြီး
ခရီးရှည်ကြီးတွေထွက်လာခဲ့မိတာ
မောတော့မှ
ပြန်စရာလမ်းကပျောက်နေခဲ့
ဝင်္ကဘာထဲဝဲလည်လှည့်လို့ပေါ့။
အပျင်းပြေဆိုပြီး..
သီချင်းလေးတစ်ပုဒ်ညည်းမိတာ
မျက်ရည်တွေဖြာကျလာတယ်
နှလုံးသားရဲ့အလွမ်းခန်းတံခါး
အရံအတားမလုံတော့ဘူး။
တကယ်ပါ
နောက်တစ်ခါထပ်မပျင်းမိဖို့
အပျင်းပြေကစားနည်းတစ်ခုရှာကြည့်ရဦးမယ်။
မ မနော်ဟရီ ရေးတာပါ။
ကြိုက်လို့တင်ထားတာပါ။
မောင်ကမ္ဘာ
Wednesday, February 18, 2009
ရယ်စရာ(၂)

ရန်ကုန်မှာအလုပ်လုပ်နေတဲ့ ကိုလုံး တစ်ယောက်......သူ့ချစ်သူ တောင်ပေါ်သူ ချင်းမလေးဆီက
စာကိုရတော့ ၀မ်းသားအားရဖြစ်ပြီးစာဖောက်ဖတ်တာ.....
စာထဲမှာပါတဲ့ စာလုံးပေါင်းသတ်ပုံ
စိတ်ညစ်ညစ်နဲ့ ရယ်ရမလို၊ ငိုရမလိုဖြစ်သွားလေရဲ့။ နောက်ဆုံးကိုလုံးလည်း အမြင်ကတ်
သူ့ရည်းစားရဲ့စာကိုပဲ ပြင်
ကိုယ်လုံး ... (စတာနဲ့မှားပြီ.... ယပက်လက်အသတ်က မလိုဘဲလျှာရှည်ပြီး
ကိုယ်လုံးမရှိထဲကမီး အလွမ်းဂျီးလွမ်းခဲ့ရပါတယ်။ (နင်ကခေါင်းပြတ်နေလို့လား)
ကိုယ်လုံး ဖာခေါင်းကို ဂျားညှပ်ပြီး (ဖာကို ခေါင်းကြားညှပ်တာ.....)
မျိုသွားပြီ ဆိုတာသိတော့ (မြို့သွားတာပါဟာ.....ငါလည်း ဘာအကောင်
မီးလေ ဆိတ်ဆင်းရဲပြီး ဆားမရအိမ်မရ ဖြစ်နေတာ။ (ဆိတ်တွေရော၊ ဆားတွေရော၊ အိမ်တွေရော....
ရှုပ်နေတာပဲ)
မီးအရင်လိုခြစ်နေတုန်းပါပဲ။ (ဂတ်စ်.... လည်းအတော်ကုန်လောက်ပြီ) ။
ကိုယ်လုံးလဲ မီးမရှိရင် မနေတတ်တာ သိတယ်။ (အဲဒါကြောင့်မီးမပြတ်တဲ့နိုင်ငံခြားတောင် သွားမလားလို့)
မီးကို အရင်လိုပဲဆွဲလန်နေတုန်းပဲလားဟင်။ (အမ်!)
မီးလည်း တနေ့နဲ့တနေ့မြက်ရေနြဲ့
ဒါနဲ့ စဂါးမစပ် ပြီးခဲ့တဲ့လက ဘုရားပွဲလု
ပို့လိ
ကိုယ်လုံးမပါဘဲ မီးသွားကြည့်တာမပျော်ဘူး ဒကယ်.... (နင်ကခေါင်း ချည်းပဲသွားကြည့်တာကိုး )
မီးမကြည့်ဘူးဒဲ့ စတိတ်ရှိုးဆိုလား ဘာဆိုလား လာပြတယ်ကော..။
မီးက ရှိုးဆိုဖဲရိုက်တာပဲ သိတာကိုး.....(ဒါတော့သိတယ်..ဟွန်း)
ကျားပေါက်တွေ ဆင်ပေါက်တွေဆိုတော့ မီးကတလိပ်ဆန်တွေမြက်လှည့်ပြတာ
ထင်တာပေါ့လေ..... (မြက်လှည့်ပြတာေ
ဟိုရောက်တော်ကျားပေါက်ဆိုတာ..... လားလား လူကောင်ကြီး ဖြစ်နေတာပေါဝေ့......အဲဒီအကောင်ဟာလဲ
အော်လိုက်ဒါ အတံက ပြဲသကိုး တော်ရေ့ ။( အသံ..အသံ!! ဟင်း.....အထင်လွဲစရာတွေဖြစ်တော့မယ်)။
တို့ရွာက သုတ်ကြီးဆိုရင်(တုတ်ကြီးလုပ်ပါ
မျိုကြီးဆိုတဲ့ အဆို့တော်ကိုအားကြလို့အော်တာ......အတံ
တ အ..အားအော်နေတာလေ။(အော်....အတံဝင်လို့ အ အ လို့အော်နေတယ်..ငါနော်!!!!!) ။
နောက်ပြီး မီးကိုနမဂျင်း မစာနာ (နင်ကိုယ်တိုင်လည်းနွားမဖြစ်တော
အတေပိုးခဲ့တဲ့ ဖိုးဇန်ကိုသိတယ်ဟုတ်...... မီးဘကြီးအောင်း နေတဲ့ (ဘကြီးအောင်...ဗျ...ဘကြီးအောင်....
တမျိုးလုံးကို တိရစ္ဆာန်ဇာတ် သွင်းနေသလာ
ယက်ကွက်က တာဇန်လေ (သာဇံပါဟာ..သူကြည့်ဖူးတဲ့ ဗွီဒီယိုကားတွေပါလာပြန်ပြီ)
ဒင်းက ခုမိန်းမရလို့ ရှေ့အင်္ဂါဆိုသူ့မိန်းမ ကလေးမွေး
နံမယ်ပေးကင်ပွန်းချဉ်ဟင်းချက်လု
ချက်တယ်လို့.... ငါကွာ)။
စနေမောင်မောင်တို့၊ နိုင်နိုင်းစနေတို့၊ ဖိုးသောကြာတို့ကို အားကျလို့တဲ့ေ
နေ့နံပါအောင် ဖိုအင်္ဂါလို့ပေးမတဲ့ ။(ဖိုးအင်္ဂါလုပ်ပါဟ.....ခုမှဝတ်စနှစ်လုံးပေါက်ကကျန်ခဲ့
ဟိုကောင်ကလည်း သမီးမွေးရင် မအင်္ဂါလုပ်မလား မသိဘူး..နာမည်ကို အပေါက်ရှာရှာ.... အဲလေ ပေါက်ပေါက်
ရှာရှာ ပေးတတ်တယ်)
မီးတို့လည်းအဲလို ဘယ်ဒေါ့အတူတူနေရမလဲမသိဘူးနော်..
ကိုယ်ရယ်..မီးအရန်လွမ်းတာပဲ။ (လွမ်းတာပဲ အရန်တွေ၊ line-up တွေ လွမ်းချင်သေးတယ်)
မီးလည်းမျိုလိုက်ချင်ပေမယ့် (မျိုသာ ချ..လိုက်ပါတော့)
ဆီးပွားရေကအဆင်မပြေဘူးလေး..။
မီးလည်း ချီးစားနေရတော့ (အေးပါစားစား...သေအောင်စား)
အကြွေးတွေလည်း အလီလီပဲ ။
မျိုသူတွေနဲ့တွေ့ပီး......
တောင်းပေါ်ကခြင်မကိုမေ့မတွားပါနဲ
မမေ့ဘူးဟေ့....တသက်လုံး)
ကိုယ်လုံး ပျံလာပါနော်။ (တောင်ပံ ပေါက်တဲ့နေ့ထိစောင့်ပေတော့)။
မီးဆောင့်နေမယ်......မီးဆောင့်ပြီးရင်းဆောင့်နေမှာပါ....။(အေး..တိုင်နဲ့ခေါင်းနဲ့သာ သေအောင် ဆောင့်
ပေတော့)
မီးစာရှည်သွားပီမို့တော်သေပီ
(မီးစာကုန်ပြီး မီးသေမှပဲ)
ခြစ်တဲ့ မီး
(မီးခြစ်ပေါ့)
*စပလင်မှားရင်ခွေးလွှတ်ပါ*
(စာလုံးပေါင်းသာမတတ်တယ် ဘိုလိုမှုတ်ချင်သေးတယ်။ နောက်ဆိုစပလင်တင်မကဘူး.... ငရုပ်ကောင်း တွေပါ
ပါလာနိုင်တယ်။ ခွေးလည်း လွှတ်လိုက်မယ်နော်) :(
ကိုလုံး။ ။
သူငယ်ချင်းတယောက် အီးမေးမှ ပေးစာကိုဖတ်မိပြီး အူတက်မတတ် ရယ်မိတာတွေကို ဖြန့်ဝေပေးထားတာပါ။
သတ်ပုံတွေကိုတော့ မူရင်းအတိုင်း တင်ထားပါတယ်ဗျာ......။
ကဲ...ဘယ်လိုလဲ....အရေးအသားကလန်ထွက်တယ်မဟုတ်လား.......?
မောင်ကမ္ဘာ
Tuesday, February 17, 2009
လွမ်းမိတဲ့ ထိုင်းအစားအသောက်
ထိုင်းရဲ့နာမည်ကျော်...
ပုဇွန်နဲ့ ပင်လယ်ထွက်ပစ္စည်း ရောချက်ထားတဲ့Tomyam ချဉ်စပ် တခွက်
ဒါလေးတွေကတော့ Tomyam ချက်တဲ့အခါ ထည့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေပေါ့
ကြက်သွန်ကြော်၊ စပါးလင်အကျွတ်ကြော်၊ ခပေါင်းရွက်အကျွတ်ကြော်တွေနဲ့ အုပ်ထားတဲ့ ငါးကြော်
ဒါကတော့ ခနွမ်ကျင်လို့ခေါ်တဲ့ မုန့်ဟင်းခါးချဉ်(ထိုင်းရိုးရာမုန့်ဟင်းခါး)
ထိုင်းမုန့်ဟင်းခါးထဲမှာမှ (ငါး၊ ဝက်၊ ကြက်၊ အမဲသား) ကိုယ့်စိတ်ကြိုက်ရွေးနိုင်ပါတယ်။ ပင်စိမ်းရွက်၊ ဂေါ်ဖီရွက်၊ ပဲပင်ပေါက်၊ မုန်ညင်းချဉ်၊ ငရုတ်သီးအခြောက်ကြော်နဲ့ တွဲစားနိုင်ပါတယ်။ငါး-ငါးပိရယ်၊ ကဏန်းငါးပိပါထည့်ထောင်းထားတဲ့ သင်္ဘောသီးထောင်း စပ်စပ်လေး

ပုဇွန်ဆိတ် အရှင်လေးတွေကို စပါးလင်၊ ကြက်သွန်းစိမ်း၊ ငါးရုတ်သီးစိမ်း၊ အကျက်မှုန့်၊ နံနံပင်၊ သံပုရာရည်လေးနဲ့ သုတ်ထားတဲ့ ပုဇွန်ဆိတ်ဆွေ့ဆွေ့ခုန်အသုတ်(ပန်းကန်ကို လှုပ်ပြီး ရောသမမွှေပေးရပါတယ်)
အဲဒါတွေစားပြီးရင် အချိုတည်းစရာ သရက်သီးနဲ့ အုန်းနို့၊ ကောင်းညှင်း
ပြီးတော့...... ဝါဝီးကော်ဖီဆိုင်က လာတေးကော်ဖီတခွက်ရယ်......

ဒါလေးတွေကို လွမ်းမိပါတယ်။မောင်ကမ္ဘာ
Sunday, February 8, 2009
Monday, December 22, 2008
ရယ်စရာ
တနေ့က ဒေါ်လာ ၁၀၀ လမ်းမှာကျနေတာက်ု ငါတွေ့တယ်။ ဒါပေမဲ့ ငါမကောက်လိုက်ဘူး ပျင်းလို့....
ကျန်တယောက်က အားကျမခံ ပြောသည်။
တနေ့က ငါရုပ်ရှင်သွားကြည့်တယ်။ နှစ်နာရီတိတိ ရုံထဲမှာ ငါအော်နေတယ်....
အော်တာနဲ့ ပျင်းတာ ဘာဆိုင်လို့လဲ.....
သိပ်ဆိုင်တာပေါ့။ ခေါက်ကုလားထိုင်မှာကို ဆွဲပြီးအထိုင်မှာ ငါ့ရွှေဥညှပ်သွားတယ်။ ထရမှာ ပျင်းတာနဲ့ အော်ပဲ အော်နေရတာပေါ့....
ကိုယ်ရေးထဲ့ကဗျာကို ကိုယ့်ဟာကိုယ် ဖတ်ကြည့်လိုက်ပါ....
အရှင်ဘုရား..... အရူးရန်မှ တပည့်တော်မကို ကယ်တင်ပါဘုရား။
ဓါးနှစ်လက်ကိုင် လူနာသည် ဆရာဝန်ရှေ့တွင်ရပ်လိုက်သည်။
ဆရာမ တကိုယ်လုံး ကြောက်စိတ်ကြောင့် တုန်လှုပ်နေသည်။
စိတ်မနှံ့သူက လေအေးအေးဖြင့် မေးသည်။
ဆရာမ ဘယ်ဓါးနဲ့ ပေါင်မုန့်လှီးရမလဲဟင် ?????
ကျနော် အခု ချောင်းမှ မဆိုးဘဲ ခင်ဗျ....
ဟု ရဲဘော်က ပြန်ပြောသည်။
ဟေ့.... အမိန့်ကို နာခံခြင်း ဆိုတာ မင်းနားလည်တယ် မဟုတ်လား.....
ဆရာဝန်က အသံမာမာဖြင့် ပြောသည်။
ကိုယ့်ထက် အဆင့်မြင့်သူရဲ့ အမိန့်အတိုင်း တသွေမတိမ်း လိုက်နာဆောင်ရွက်ခြင်းဖြစ်ပါတယ်....
ဟု ရဲဘော်ပြန်ဖြေသည်။
ထိုနောက် အဟွန့်ဟွန့်ဟု ချောင်းဆိုးပြသည်။
ဆရာဝန်ဗိုလ်ကြီးသည် တပ်သားကို ကြည့်လိုက်ပြီး မေးသည်။
အခုလို ချောင်းဆိုးတာကြာပြီလား?????
မောင်ကမ္ဘာ
Monday, December 15, 2008
အံ့ဖွယ် လူထူးဆန်းများ


Wednesday, October 15, 2008
အမည်
ကျနော့်ရဲ့ အမည်ရင်းကတော့ ရာကျော် လို့ခေါ်ပါတယ်။ အဖေက လယ်သမား တယောက်ပါ။ ရာကျော် (စပါး နာမည်) စပါးစိုက်မယ့်နေ့၊ ပြာသိုလပြည့်နေ့မှာ မွေးပါတယ်။ အဖေက ယောက်ျားမွေးရင် ရာကျော်လို့ နာမည်ပေးမယ်။ မိန်းကလေး မွေးရင်တော့ စီလေး(C-4) တဲ့။ အဲဒီလို သူရင်းငှားကို မှာပြီးတော့ လယ်ထဲ ဆင်းချသွားပါတယ်။ ယောက်ျားလေးမွေးရင် လယ်ထဲကိုဆင်းလာပြီး အကြောင်းကြားပါ။ မိန်းကလေး ဆိုရင်တော့ မင်း ဆင်းလာစရာမလိုဘူး ဆိုပြီး မှာသွားပါတယ်။
အဲဒီခေတ်မှာ ရာကျော်စပါးတို့ စီလေး စပါးတို့ဆိုတာ အထူး အတွက်တိုး စပါးမျိုးတွေပေါ့။ ရက်ပေါင်းတရာကျော်နဲ့ ရိတ်သိမ်းနိုင်တယ်လေ။ ကျနော်က တကယ်လို့ မိန်းကလေးဖြစ်ခဲ့ရင်တော့ မစီလေး လို့ အခေါ်ခံရမှာတော့ သေချာတယ်။ တော်သေးတာပေါ့။ ခုခေတ်လိုမျိုး စပါးနာမည်တွေက မနောပျက်တို့၊ ဧည့်မထတို့၊ လုံးသွယ်တို့၊ ဘေးကြားတို့၊ တောင်ပျံတို့၊ တတောင်ပိုတို့၊ တို့လိုစပါးမျိုးသစ်တွေ မပေါ်သေးတာ တော်သေး တာပေါ့နော........:)။
ကျနော့်ကိုမွေးပြီး သုံးလကြာတော့ ရာကျော်စပါးက ရိတ်သိမ်းဖို့ အချိန်ကျပြီလေ။ အဖေ့ရဲ့ ပြုစုယုယမှုနဲ့ လုံ့လ ဝိရိယကြောင့် စပါးတွေက ရွှေဝါရောင်ဝင်းမှည့်နေတာ ရွှေကော်ဇောကြီးခင်းထားသလို တနယ်လုံးက လူတွေ လာကြည့်ပြီး ချီးမွမ်းမဆုံးဘူး။ ဒါပေမဲ့ သင်္ကြန်မိုးကရွာချလိုက်တာ ချက်ချင်းဆိုသလို မိုးတွင်းနဲ့ ဆက်သွားတော့ အဖေ့ခမြာ စိုက်ထားတဲ့ စပါးက ပလုံဆိုတဲ့အသံတောင် မထွက်နိုင်တော့ပါဘူး။ အမေ့က ခဏခဏ ပြန်ပြောပြလို့ မှတ်သားမိပါတယ်။
နာမည်ရင်းက ရာကျော်။ ဒါပေမဲ့အများစုက မွန်ဆိုတော့ ရာဂျော လို့ပဲ အသံထွက်ခေါ်ကြပါတယ်။ ဘယ်သူမှ ရာကျော် ဆိုပြီး ပီပီသသအသံထွက်ပြီးတော့ မခေါ်ပါဘူး။ ခေါင်းကလည်း အရမ်းကြီးဆိုတော့ အဖေက ကျနော်ငယ်စဉ်က ခေါင်းကြီး(ဂေါင်းကြီး)လို့ပဲ ခေါ်ပါတယ်။ ကျနော် ငယ်စဉ်က နာမည်ကြီး ဦးမောင်မောင်သန်း ဆပ်ကပ်(လို့ထင်ပါတယ်) ရွာမှာလာရောက် ဖြေဖျော်တယ်လို့ အိမ်နီးနားချင်းတွေက ပြန်ပြောတာ မှတ်ထားမိပါတယ်။ ဦးခေါင်းအရမ်းကြီးတဲ့ မောင်ကမ္ဘာဆိုတဲ့လူလည်း ဆပ်ကပ်အဖွဲ့ထဲမှာ ပါလာတယ်။ အဲဒီနောက်ပိုင်း အိမ်နီးနားချင်းတွေ က ကျနော့်ကို မောင်ကမ္ဘာဆိုပြီး ခေါ်ကြပါတယ်။
နောက် ဆယ်တန်းအောင်ပြီး ဘားအံကောလိပ် (အဲဒီတုန်းကတော့ ကောလိပ်အဆင့်ပဲ ရှိသေးတယ်) ရောက်တော့ သူငယ်ချင်းတစုက လယ်လုပ်တဲ့ကျနော့်ကို ကျွဲ လို့ခေါ်ပါတယ်။ သူတို့လည်း အမည်ပြောင်(pad names) အမျိုးမျိုးနဲ့ပေါ့။ ဘုန်းကြီးဝတ်ပြီး ပြန်ထွက်လာတဲ့ ဘုန်းကြီးလူထွက်ကို ဘုန်းကြီး၊ အအိပ်ကြီးတဲ့ ကောင်ကို နဂါး၊ ခြေဆော့ လက်ဆော့နိုင်တဲ့ကောင်ကို မျောက်၊ ပျော့စိစိ၊ အိညက်ညက်ကောင်ကို သားလေးဆိုတာမျိုး ရွှေဂွန်းရွာက လာတဲ့ကောင်ကိုတော့ ရွှေဂွန်းဆိုတာမျိုးပေါ့ ~@#$%^&*....။
ကျနော့် အမေနာမည်က ဒေါ်ဖွားရှိန်ပါ။ အများစုက မရှိန်လို့ ခေါ်ပါတယ်။ မွန်သံနှင့် ပီပီသသမထွက်နိုင်ဘဲ အများစုက မဇိန်လို့ပဲ အခ်ါများပါတယ်။ မမြင့်ကိုလည်း မမစ်တို့၊ မညင့်၊ အမိ၊ ဆိုပြီးတော့ အများအပြားခေါ်ကြပါတယ်။ ကိုမြင့်ကိုလည်း ကိုညင့်၊ ကိုမစ်၊ ကိုမင့်ဆိုပြီးခေါ်ကြပါတယ်။ ဘေးအိမ်က ကောင်လေး မဲမဲ၊ လုံးလုံး လေးမို့ မဲတုံး။ အသားဖြူဖြူနဲ့ ကောင်လေးကို ဖြူတုံး၊ နောက် အမေ့ဝမ်းကွဲ ညီမ၊ ဒေါ်လေးရဲ့ အမျိုးသား အမည်က ဦးကျင်သိန်း။ ဦးကျင်သိန်းကို ဘယ်သူမှ သိပ်မသိပါဘူး။ အားလုံးက ဦးဆယ်ပြားလို့ပဲ သိပါတယ်။ သူ့သမီး (ကျနော့် ၀မ်းကွဲ ညီမ) ကိုတော့ ကျနော့်အမေ တယောက်ထဲက ငါးပြား ဆိုပြီးတော့၊ ညီမဖြစ်သူကို ပုပုလုံးလုံးမို့ လောက်စာလုံးလို့ ခေါ်ပါသတဲ့။ နောက်ဖိုးကြီးတယောက်အမည်က ဦးခြောက်ပြားတဲ့။ သူ့အကိုနာမည်က ဦးပေါင်းတည်ပါ။ (ပေါင်ဒါ (ပေါင်းတည်ကို ဖျက်ခေါ်သည်) တဗူး ခြောက်ပြားလို့ ကဗျာလို အော်ပြီးရွတ်ဆိုကြတာကို မှတ်သားမိပါရဲ့)။
ငယ်ငယ်ကတည်းက သူငယ်ချင်း အချင်းချင်းကြား ဆော့ရင်းနဲ့ ရန်ဖြစ်လွန်းတဲ့သူကို ချစ်စနိုးနဲ့ "ကွန်ပရွမ်း" တဲ့။ အဓိပ္ပါယ်ကတော့ မဆိုးဆိုးတို့ ဆိုးပေ တို့လိုဟာမျိုးပေါ့။ ရွာမှာက ကွန်ကရွမ်းဆိုတဲ့ အမည်နဲ့ အဒေါ်ကြီး လေးငါး ခြောက်ယောက်လောက် တွေ့ဖူးပါတယ်။ အားလုံးဟာ ထမိန်(ထမီ)ကို အလံထူမယ့်သူချည်းပါပဲ။ ယောက်ျားလေးမှာ အဲဒီအမည်မျိုးကို ပေးလေ့မရှိပါဘူး။ ယောက်ျားလေးဆိုရင်တော့ မိုက်ခဲတို့၊ မိုက်တီး ဆိုတဲ့ အမည်မျိုး ပေးတတ်ကြပါတယ်။
လွတ်လပ်ရေးရပြီးခေတ်မှာ နယ်တိုင်း နယ်တိုင်းမှာ သူပုန်လိုလို၊ ဒါးပြလိုလို မျိုးချစ်ရဲဘော်လိုလို ကိုယ့်နယ်မှာ ဗိုလ်ကျ စိုးမိုးသူတွေ ရှိကြတယ်မလား။ ကျနော်တို့ ရွာမှာလည်းဗိုလ် တဗိုလ်ရှိခဲ့ဖူးပါတယ်။ နာမည်က ဦးပစောက်(ဦးပ)ပါ။ ဦးပစောက်လာရင် ခွေးတွေတောင် ရွာလယ်လမ်းမမှာ လမ်းမသလားရဲတော့ဘူး။ ကျနော်ပြောချင်တာက အက္ခရာစာလုံးတွေနဲ့ ထူးဆန်းတဲ့အမည်တွေကို ပေးထားတာပါ။ နောက်ပိုင်းကျတော့ ကိုခ၊ ကိုဒဒွေး၊ ကိုဝလုံး၊ ဖိုးသုည(လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်တုန်းက ထုံးအိုင်ရွာရဲ့ လက်ဝှေ့ကျော် တဦး) ပါ။ နောက်တယောက်က ဒေ၀ တဲ့။ (သူ့ကို ဒေဝ လို့မခေါ်ဘဲနဲ့ သူ့သူငယ်ချင်း တွေက ခြောက်ရာသုံးဆယ် လို့ပဲ အမည်ပြောင် ပေးထားပါတယ်)
ရွာမှာတော့ အများစုက မွန်နာမည်များဖြစ်ပါတယ်။ တချို့ကတော့ အသံပဲ ထွက်လို့ရပြီး အဓိပ္ပါယ်တော့ လုံးဝ မရှိပါဘူး။ အခုအချိန်မှာတော့ ဗမာဆန်ဆန်ပဲ နာမည်ပေးကြပါတယ်။
အရော၊ အရူး၊ အရဲ၊ အရီး၊ အရား၊ အရိန်း၊ အရွတ်(အာဒါလွတ်)၊ စရစ်၊ (ရကောက်အားလုံးကို R-အသံထွက်ဖတ်ပါ)နဲ့ အယ(အရ)၊ အယင် စတဲ့နာမည်ဆန်းတွေကိုလည်း ပေးတတ်ကြပါတယ်။ အရူး (အယူးမဟုတ်) နာမည်မျိုးဆိုရင် အသံအနိမ့်အမြင့်ကိုလိုက်ပြီး အမည်ကွဲတွေ အများကြီးရှိပါတယ်။ မွန်လိုလည်း အဓိပ္ပါယ်မရှိ၊ ဗမာလိုလည်း ခေါ်ရခက်တဲ့ နာမည်မျိုးတွေပါ။
ဦးခွေးကလေး၊ ဦးခွေး၊ ဦးလိပ်၊ တောဝက်၊ မကွန်းဟဂဲူ (မကြောင်ကလေး)ပေါ့၊ ဦးစာကလေး (Sparrow taler) အပ်ချုပ်ဆိုင် ဖွင့်ဖူးပါတယ်၊ မဝက်မ၊ ဦးပိုးဖြူ (သူက တကျွန်းပြန်ကြီးပေါ့)၊ ခွေးချေး၊ တောကြောင်၊ ကြောင်ပါး၊ ဒေါ်ကွန်ဟတမ်း (ဒေါ်ဂဏန်းကလေး)၊ မခွေးမ၊ ဒေါ်ခွေးမေ၊ ကွန်းဟဒိုက် (ကျီးကန်းပေါက်)၊ ကွန်းပေါက် (ဗျိုင်းပေါက်စ)၊ မကွန်ဟဒွတ် (မငါးပူတင်းကလေး)၊ ဦးကြွက်၊ စသဖြင့် တိရစ္ဆာန်အမည်များ ကိုလည်း ပေးတတ်ကြပါတယ်။ တချို့ကလည်း ဦးပေါက်တူး၊ လိုအမည် မျိုးပေးတတ်ကြပါတယ်။ တချို့ကလည်း ကောက်ရ၊ ငွေရ ဆိုတဲ့ အမည်မျိုး ပေးတတ်ကြပါတယ်။
ကျနော့်တို့အိမ်ရဲ့ မျက်စောင်းထိုးအိမ်က ကလေးတွေအများကြီး မွေးထားတဲ့အိမ် တအိမ်ရှိပါတယ်။ မိဘဖြစ်သူက ကိုင်းအလုပ် လုပ်ပါတယ်။ အဖေ နာမည်က ဦးထွန်းသောင်ပါ။ ဒါပေမဲ့ အများစုက ဦးကကျား (ကဆိုတာ ငါး။ ကျားဆိုတာ လေလို့ အဓိပ္ပါယ်ရပါတယ်။ လူမစားပါဘူး။ ငါးပျံလို အကောင်မျိုးကိုခေါ်တာပါ) ပဲ အများသိပါတယ်။အမေဖြစ်သူက ငယ်ထိပ်ကနေ ဆံပင်တွေ ကျွတ်ကုန်လို့ အများစု ဒေါ်ဟလပ် (မွန်သံနှင့်) ခေါ်ရာက ဒေါ်ငတ် ဖြစ်သွားပါတယ်။ သားသမီးတွေရဲ့ နာမည်ကတော့ ကျောင်းနာမည် လှလှလေး တွေရှိပါတယ်။ ဒါပေမဲ့ အများစုကတော့ သူတို့ကို နော်ဟဒါး၊ ပတ်တီးရော(လက်ဝှေ့သမား နာမည်က ရှုတိုင်းယဉ်)၊ ချနခလူး၊ ရွှေကျေး၊ နောက်တယောက် (ကိုအေးကို) ကို စံပယ်ဖူး တဲ့၊ မတင်အေး ကို မသာအေးတဲ့၊ မျက်နှာပြဲပြဲနဲ့ ကိုမျိုးသန့်ကိုတော့ (ကျွဲမတန်ဆာ @~&$*#)၊ နောက် မလှထွေးကို လော်(လောက်စပီကာကို ဆိုလိုသည်)။ မြေးလေးကိုကျတော့ ပုပုလုံးလုံးမို့လို့ အောင်လုံး။ မှတ်သား လောက်စရာ ရပ်ကွက်က ပေးထားသော အမည်ပြောင်များ ဖြစ်ပါတယ်။
သုံးရပ်ကွက်က ရေတွင်းဘေးက အိမ်မှာ စိတ်မနှံ့တဲ့ ဒေါ်သင်းမေ ဆိုတဲ့ အဖွားတယောက်ရှိပါတယ်။ "ဟေ့...သေမင်း၊ ဟေ့...သင်းမေ။ ဟေ့...သင်းမေ၊ ဟေ့...သေမင်း" ဆိုပြီး အိမ်ရှေ့ကြမ်းပြင်ကို တဒိုင်းဒိုင်းထုပြီး သူ့အမည်ကို အတည့်ရွတ်လိုက်၊ ပြောင်းပြန်ရွတ်လိုက်နဲ့ အလုပ်ရှုပ်နေပါတယ်။ အမေ ရေတွင်းမှာ ရေသွားခပ်တာနဲ့ ကြုံပါတယ်။ အဲဒီအချိန်မှာ အမေက "ဟေ့...ဖွားရှိန်" ဆိုပြီး လှမ်းစလိုက်ပါတယ်။ အဖွားကတော့ ဖွားရှိန်ဆိုတဲ့ အမည်ကို ဟေ့ဖွိုန်ရှားလို့ ပြောင်းပြန် မခေါ်တတ်တော့ဘဲ သူ့ဟာသူ အလုပ်ရှုပ်ပြီး အိပ်ပျော်သွားပါတယ်။ အဲဒီတော့မှ အဖွားကလည်း အနားရသွားပါတော့တယ်။
နှစ်ရပ်ကွက်က ဦးပေါက်ကျိုင်းဆိုတဲ့ လူတယောက်ရှိပါတယ်။ သူ့သားသမီး အမည်များ ကတော့ ဆိုက်ကား၊ လန်ချား စတဲ့ စီးတော်ယာဉ်များအပြင် စမအင်း၊ ကရဝင်း ဆိုသူများလည်း ပါတယ်။ ပေးမှ ပေးတတ်ပလေ။
အမည်ရှားပါးသော မိသားစုလည်း တွေ့ဖူးပါတယ်။ အကိုကြီးက လွင်မြင့်၊ ညီက မြင့်လွင်၊ အမဖြစ်သူက မြင့်မြင့်ဌေး၊ ညီမဖြစ်သူက ဌေးဌေးမြင့်တဲ့။ ပေးစရာအမည် တော်တော်လေးပေါများနေတဲ့ ခေတ်ကြီးမှာ အမည်ရှားပါးနေတဲ့ မိသားစုပါ။
သင်္ဘောဆိပ်နားက ကွမ်းစားထုံးလိုက်ပို့အိမ်က အဒေါ်ကြီးရဲ့ အမည်ကလည်း မှတ်သား လောက်စရာပါ။ "ကျပကျစ်" တဲ့။ ဗမာစကား မပီကလာ ပီကလာ ပြောတတ်တဲ့ သူ့ရဲ့သူငယ်ချင်းများကြောင့် ခဏခဏ စိတ်ကသိကအောက် ဖြစ်ရပါတယ်လို့ အဒေါ်ကြီးက ကြုံတိုင်းပြောပြတတ်ပါတယ်။ (မယုံရင်တော့ အဲဒီအမည်ကို ကိုယ့်ဟာကို ဗမာလို အသံထွက်နဲ့ မပီကလာ ပီကလာနဲ့ ဆိုကြည့်ပါ။ စိတ်ဝင်စားစရာ တွေ့ရပါလိမ့်မယ်။)
ရွာမှာက"အကလိ" (အကလိ ကို တဆက်ထဲ မြန်မြန်ခေါ်ရပါမယ်။) လို့ခေါ်တဲ့ သူကြီးဟောင်း တယောက် ရှိခဲ့ဖူးပါတယ်။ သူကြီးကလည်း ခပ်ဆိုးဆိုး၊ ခပ်တေတေ ဆိုတော့ ရွာသူရွာသားများလည်း စိတ်ညစ်တာပေါ့။ တဆင့်စကား တဆင့်ပွားပြီးသူကြီးကိုယ်တိုင် ကြားတော့ "ဟေ့... အကလိ ကိုမကြိုက်ရင် ရွာပြောင်းလိုက်" ဆိုပြီး သူကြီးအရက်မူးတိုင်း ကြုံးဝါးသံအကြာင်းကို တဆင့်စကား တဆင့်ကြားမိပါရဲ့။
နောက် နဝတခေတ် ရောက်တော့ ဦးသိန်းဖေ ဆိုတဲ့ ဘုန်းကြီးကျောင်းထွက် သူကြီးတယောက် ပေါ်လာပြန်တယ်။ စာမတတ်၊ ပေမတတ် ဆိုတော့ ဦးဗျော ဆိုတဲ့ သူကြီးလက်ထက်မှာ သူက ပြည်သူ့စစ် ခေါင်းဆောင်။ ဦးဗျော ပြုတ်ကျတော့ အဖားကောင်းပြီး သူက သူကြီးတက်ဖြစ်ပါလေရော။ သူရေးတဲ့ စာတစောင်က အရေးအသားကောင်းတော့ ကျနော် ဖတ်ပြီး မှတ်သားဖူးပါတယ်။ ဒီလိုပါ....
သို့ /
အတွင်းရေးမှူး မောင်ငွေလှိုး
မန်ကျီးသွားရန် ကိစ္စီ
အမြန်လာပါ။
အရိုးသေစွာဖြင့်
ငှက္ကဌ သိန်းဖ။
အမှန်မှာက
သို့ /
အတွင်းရေးမှူး မောင်ငွေလှိုင်
မန်ကျီးကျွန်းရွာသို့ သွားရန်ကိစ္စ
အမြန်လာပါ။
ရိုသေစွာဖြင့်
ဥက္ကဌ သိန်းဖေ။
မောင်ကမ္ဘာ
Thursday, October 9, 2008
တောင်းဆု
လွတ်သွားတဲ့ ဖားက "ကဲ ပထမဆုကို တောင်းပေတော့" လို့ ဆိုလိုက်တဲ့အခါ အမျိုးသမီးက ခေတ္တစဉ်းစား လိုက်ပြီး "ကျမ ကမ္ဘာပေါ်မှာ အလှဆုံး အမျိုးသမီး တယောက် ဖြစ်ချင်ပါတယ်" လို့ ပထဆုကို တောင်းလိုက် ပါတယ်။ အဲဒီတော့ ဖားက "ကျနော်ပြောဖို့ တခု မေ့သွားတယ်။ ခင်ဗျား ဆုတခု တောင်းတိုင်းမှာ ခင်ဗျား ခင်ပွန်းသည်က ခင်ဗျားထက် ဆယ်ဆ ပိုရလိမ့်မယ်" လို့ သတိပေးလိုက်ပါတယ်။
အမျိုးသမီးက ခေတ္တစဉ်းစား လိုက်ပါတယ်။ "ကျမက အချောဆုံး ဖြစ်သလို သူကလည်း ကမ္ဘာပေါ်မှာ အချောဆုံး ယောက်ျား ဖြစ်လာမှာ ဆိုတော့ သူ့အနေနဲ့ ကျမကိုပဲ ရွေးရမှာ။ ကိစ္စမရှိပါဘူး။ ကျမ တောင်းတဲ့ ဆုသာ ပြည့်ပါရစေ" လို့ ဆိုလိုက်တော့ ဖားက "ပြည့်စေ" လို့ ပေးလိုက်ပါတယ်။
ဒုတိယဆု တောင်းပါလို့ ဆိုတော့ အမျိုးသမီးက "ကမ္ဘာပေါ်မှာ အချမ်းသာဆုံး အမျိုးသမီး ဖြစ်ပါရစေ" လို့ ဆုတောင်းပါတယ်။ ဒီတခါလည်း ဖားက "ခင်ဗျား ချမ်းသာသလို ခင်ဗျား ခင်ပွန်းကလည်း ချမ်းသာသွားမှာနော်" လို့ သတိပေးပြန်ပါတယ်။ ဒီတော့ အမျိုးသမီးက "ကိစ္စမရှိပါဘူး။ သူချမ်းသာလည်း သူက ကျမ ခင်ပွန်းပဲ ဥစ္စာ" လို့ ဖြေလိုက်တဲ့အတွက် ဖားက ဒုတိယဆုကိုလည်း "ပြည့်စေ" လို့ ပေးလိုက်ပြန်ပါတယ်။
တတိယဆုကို တောင်းဖို့တော့ အမျိုးသမီးက တော်တော်လေး စဉ်းစားပါတယ်။ ပြီးတော့မှ တောင်းဆုတိုင်းကို ပြည့်စေတဲ့ ဖားထံမှာ တောင်းခံလိုက်တဲ့ ဆုက "ကျမမှာ နှလုံးရောဂါ နည်းနည်းကလေး ဖြစ်ပါစေ" တဲ့။ ဒီတော့ ဖားကလည်း "ပြည့်စေ" လို့ ဆိုပေးလိုက်ပါသတဲ့။
ပုံပြင်လေးကတော့ ဒါပါပဲ။
အကယ်၍ သင်ဟာ အမျိုသမီး ဖြစ်မယ်ဆိုရင် ပုံပြင်က ဒီနေရာမှာ ဆုံးသွားပါပြီနော်။ အကယ်၍ သင်ဟာ အမျိုးသား ဖြစ်မယ်ဆိုရင်တော့
သတိ။ အမျိုးသမီး မဖတ်ရ။ အမျိုးသားများသာ ဆက်ဖတ်ရန်
အမျိုးသမီးတွေက သူတို့ကိုယ် သူတို့ သိပ်အထင်ကြီးကြတယ်ဗျ။ ဆုတောင်းတိုင်း ပြည့်စေတဲ့ ဖားထံမှာ သူ နှလုံး ရောဂါ ရပါရစေလို့ ဆုတောင်းလိုက်တာ အကြောင်းမဲ့မဟုတ်ဘူး။ သူ့မှာ နှလုံးရောဂါ ရရင် သူ့ထက်ဆယ်ပိုပြီး သူ့ခင်ပွန်းသည်က ရမှာ ဆိုတော့ ဒီငနာ မြန်မြန်သေအောင် ဆုတောင်းလိုက်တာပဲ။ ဒါပေမဲ့ သူ့ တောင်းဆုက နှလုံးရောဂါ နည်းနည်းကလေး ဖြစ်ပါရစေ ဖြစ်တဲ့အတွက် သူ့ခင်ပွန်းက သူ့ထက် ဆယ်ဆပိုနည်းပြီး နှလုံးရောဂါ ဖြစ်မယ်ဆိုတာ ဒီအမျိုးသမီး မသိလိုက်ဘူးလေ။
အကယ်၍ သင်ဟာ အမျိုးသမီး ဖြစ်ပါလျက် ဒီစာကို ဆက်ဖတ်နေတယ်ဆိုရင်တော့ ပြောပါရစေ။ အမျိုးသမီးတွေ ဟာ ဘယ်တော့မှ သူများပြောစကားကို မယုံတတ်ဘူး။ အလွယ်တကူ လက်မခံတတ်ဘူး ဆိုတာ လက်တွေ့ပဲ မဟုတ်လား။ မဖတ်ပါနဲ့ ဆိုတာကို ဆက်ဖတ်နေလို့ပါနော်..........။
Tuesday, September 9, 2008
မွေးရပ်မြေသို့ တမ်းချင်း
ကျုပ်အဖေ နာမည်က ဖေမြင့်လို့ ခေါ်ပါတယ်။ လယ်သမားတယောက်ပါ။ စောစောပိုင်း လူပျိုအရွယ်မှာ သူဟာ ရေဆင်း စိုက်ပျိုးရေး ကျောင်းက ဆင်းပြီးတော့ ရွာပြန်ပြီး ကျောင်းဆရာ လုပ်ပါတယ်။ ကျောင်းဆရာ လုပ်ရင်း နို့စားနွားမ မွေးမြူရေး လုပ်တယ်၊ ဥစားကြက် မွေးပါတယ်။ အဲဒီအချိန်မှာ သူ့အဖေ (ကျုပ်အဘိုး) ဦးထွေးက ရွာမှာ ဆန်စက်နဲ့ ဆီစက် ထောင်ထားပါတယ်။ အဘိုးကို ကျုပ် မမြင်ဖူးပါဘူး။ ကျုပ်မွေးမယ့်နှစ်မှာ အဘိုးက ဦးနှောက်သွေးကြော ပြတ်ပြီး ဆုံးသွားပါတယ်။ အဘိုးဆုံးပြီးနောက်ပိုင်း အိမ်ရဲ့စီးပွားရေးကို အဖေကပဲ ဦးဆောင်လုပ်ခဲ့ရတာပေါ့။
ရွာမှာ ဆန်စက်ကနှစ်လုံးထဲ ရှိပါတယ်။ တလုံးက အထက်ပိုင်း (၆)ရပ်ကွက်က ဦးမောင်ဆိုင် ပိုင်ပါတယ်။ နောက်တလုံးက ကျုပ်အဘိုးပိုင်ပေါ့။ အဘိုးရဲ့ ဆန်စက်က တနေ့ကို စပါး တရာ့ငါးဆယ်၊ နှစ်ရာလောက်ကျတယ်။ ဆန်စက်က ဘွိုင်လာ အင်ဂျင်စက်နဲ့မောင်းပါတယ်။ ကျုပ်ငယ်ငယ်က အချိန်အထိ ဆန်စက် က ခေတ်ကောင်းတုန်း။ နွေပိုင်း စပါးပေါ်ချိန်များ အိမ်ရှေ့လမ်းဘေး ၀ဲယာနှစ်ဘက်စလုံး စပါးလာကြိတ်တဲ့ လှည်းအစီး လေးငါးဆယ် လောက်က နေ့တိုင်း ရပ်ထားတာပေါ့။ ကျုပ်ငယ်ငယ်တုန်းက အထိ နေ့ရော ညပါ ကြိတ်နေရတုန်း။
နောက်ပိုင်း ဆန်စက်ခေတ်ကုန်တော့ ဆန်စက်ကိုရောင်းပြီး ဆီစက်ကိုပဲ စောက်ချလုပ်ပါတော့တယ်။
တနှစ်တခေါက်တော့ ဘွိုင်လာကို ဘွိုင်လာဝန်ထောက်က လာရောက်ပြီး စစ်ဆေးမှု ပြုလုပ်ရပါတယ်။ ကျုပ်ငယ်ငယ်တုန်းက ဘွိုင်လာ ၀န်ထောက် လာရင် အရမ်းပျော်တာပေါ့။ အစားကောင်းတွေ ကြိတ်ရတာကိုး။ ၀န်ထောက်မင်းက အိမ်ပေါ်ကို ဖိနပ်စီးပြီးတက်တယ်။ အရက်သောက်တာ လုံးဝမကြိုက်တဲ့ အဖေတို့က ၀န်ထောက်မင်းကို ဂျော်နီတုတ်ထောက်နဲ့ ဧည့်ခံပါတယ်။ အမေဘက်က အဖွားက ကျုပ်ကို "ငါ့မြေးကြီးလာရင် ဘွိုင်လာ လုပ်ပါလား" တဲ့။ အဖွားက ကျုပ်ကိုအချစ်ဆုံးမို့ အဲဒီလို ဘွိုင်လာဝန်ထောက်မင်း လုပ်စေချင်ပုံ ရပါတယ်။ စာလည်းမတတ်တော့ ဘွိုင်လာဝန်ထောက်လို့ ပြောရမယ့်အစား ဘွိုင်လာလို့ မှားပြောမိတာ ထင်ပါရဲ့။ မှတ်သားလောက်စရာ စကားပါဗျာ။
အဖေရော အမေဘက်ကပါ လယ် ဧက(၁၃) စီရှိပါတယ်။ နှစ်ဆယ့်ခြောက်ဧက ရှိတဲ့ လယ်တပွဲကို အဘိုးနှစ်ယောက်က ခွဲဝယ်လိုက်တာပါ။ အဖေ့ဘက်က အဘိုးဆီမှာ မြေပဲစိုက်တဲ့ ကိုင်းမြေလည်း ဆယ်ဧကလောက်ရှိတယ်။ ကျုပ်အဘိုးကို ခုခေတ် အခေါ်တော့ ဘောစေ့လို့ ခေါ်ရမယ်ထင်ပါ့။ :) အဘိုးက ရွာစပ်က (၅)ဧကလောက် ရှိတဲ့ အုန်းခြံထဲက ဆီစက်မှာပဲ အနေများတော့ ကျုပ်တို့အမျိုးတွေက မွန်လို ဘဂူး လို့ခေါ်ကြ ပါတယ်။ အဓိပ္ပါယ်ကတော့ ခြံထဲက အဖေပေါ့။ အဖွား ဒေါ်ကွန်မာ ကိုတော့ မေဂူ တဲ့။ ခြံထဲက အမေပေါ့။ အဘိုးနဲ့အဖွားပိုင် လယ်မြေ၊ ကိုင်းမြေတွေ လက်ညှိုးထိုး မလွဲဘူး။
အဖေဘက်က မောင်နှမ ငါးယောက်ရှိတာပေါ့။ အဖေက သားအကြီးဆုံး၊ ပြီးတော့ ဒေါ်ကြင်ငွေ(ခုတော့ ဆုံးပြီ၊ သူမိသားစုက မော်လမြိုင်မှာနေတယ်)၊ နောက် ဦးထွန်းချစ်(ကရင်ပြည်နယ်က NLD အမတ်ဟောင်း)၊ ပြီးငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးသွားတဲ့ တယောက်(ခုတော့ လူဝင်စား ဒေါ်လေးမြင့်ဌေး)၊ နောက်တော့ အငယ်ဆုံးဒေါ်ချိုအေး(သူက အဖွားဆုံးတဲ့အထိ အဖွားနဲ့နေသွားသူ၊ အသက် ငါးဆယ်နားနီးမှ အိမ်ထောင် ကျသူပါ)။
အဖေကတော့ အရမ်းရိုးသားပြီး စိတ်တိုလွယ်တယ်၊ ပွင့်လင်းတယ်၊ စကားကို တဲ့ထိုးအားမနာတမ်း ပြောတတ်တယ်၊ ဘယ်သူ့မျက်နှာမ မထောက်ဘူး။ သူ့ရဲ့ မိသားစုက တခါတလေ ဦးစိတ်တိုလို့ ခေါ်တယ်။ တခါတလေ မောင်နေအေးတဲ့။ အမေကတော့ မောင်စေတနာတဲ့ (စေတနာကောင်းလွန်းလို့)။
ကျုပ်အဖေက စက်ပြင်လည်းရတယ်လေ။ အိမ်မှာ အဖေစုဆောင်းထားတဲ့ ပစ္စည်း အတိုအစ တွေက ၀ပ်ရှော့ တခု ဖွင့်လို့တောင် ရတယ်။ သံအတိုအစတွေလည်း အများကြီး စုထားတယ်။ ပတ်ဝန်းကျင်က အင်ဂျင် ပျက်တာကအစ စက်ဘီး ဘီးပေါက် တာ အဆုံး အဖေက မညည်းမညူ လုပ်ပေးလိုက်တာပဲ။ ပစ္စည်း လာငှားရင်လည်း ပေးလိုက်တာပဲ။ ဒါကြောင့် အမေက ....
`ဒီမယ် ကိုဖေမြင့် ရှင့်ကိုလေ ရှင့်မိဘက ဖေမြင့်လို့ နာမည် ပေးဖို့မကောင်းဘူး၊ မောင်စေတနာလို့ပဲ နာမည်ပေးဖို့ကောင်းတယ်။ အိမ်ရှေ့မှာ "စေတနာ ၀ပ်ရှော့၊ အလိုက်ပေးပြီး ပြင်သည်"လို့ ဆိုင်းဘုတ် တင်ထားပါလား။ သူများတွေက ပစ္စည်းမငှားပဲ ကျမကို ငှားမယ်ဆို ရှင်ပေးလိုက်မယ်မဟုတ်လား´ လို့ ခဏခဏမေးတယ် ဆိုရင်ဖြင့် အဖေကတော့ မျက်နှာသေလေးနဲ့ ....
`ဒါကတော့ ဘယ်ဖြစ်မလဲ မရှိန်ရာ.... ကိုယ်မင်းချစ်ခဲ့တာ သူများတွေကို ငှားဖို့မဟုတ်ဘူး´လို့ ခပ်တည်တည်နဲ့ ပြောတတ်သေးတယ်လေ။
မှတ်မှတ်ရရ အမေက မကြခဏ ပြောပြဖူးတယ်။ မင်းအဖေရဲ့ လက်ရေးက ပဲပင်ပေါက်လက်ရေးတဲ့၊ မင်းအဖေရေးထားတဲ့ စာကို ဖတ်တတ်တာ နှစ်ယောက်ပဲ ရှိတယ်။ ငါနဲ့ သူ့အတန်း ပိုင်ဆရာမ ဒေါ်ညွန့်ကြည် (ကရင်ပြည်နယ် ပညာရေးမှူးဟောင်း)နှစ်ယောက်ပဲ ဖတ်တတ်တာ တဲ့။ (အမှန်မှာ ပဲပင်ပေါက်ထက် ဆိုးပါတယ်။)
အဖေ့အိမ်နဲ့ အမေတို့နေတဲ့ အိမ်က နီးနီးလေး၊ မျက်စောင်းထိုးလေးတင်။ ဆွေမျိုး နီးစပ်လည်း တော်ကြတယ် ဆိုလားပဲ။ (ဘိုး နဲ့ အဘေး ဆိုလား မောင်နှမတဲ့)သွေးချင်းတော့ နည်းနည်းဝေးတာပေါ့။ အဖေက အမေ့ကို အန်တီတဲ့၊ တခါတလေ "အိ...ခိုင်း" တဲ့။ (ဘေးတအိမ်ကျော်က စကားပြောရင်အသံကုန် ခြစ်အော်ပြောတတ်တဲ့ အဖွားကြီး တယောက်ရဲ့ အမည်ပါ)။
အမေ့အမည်ကတော့ မဖွားရှိန်ပါ။ ရွာမှာက မရှိန်လို့ ခေါ်တယ်။ မွန်လို ကွန်ဟတုပ် လို့ခေါ်တယ်(အဓိပ္ပါယ်က နှံကောင်ကလေးပေါ့)။ ဟုတ်တယ်လေ အမေငယ်ငယ်တုန်းက ခြေတံ လက်တံတွေက နှံကောင်လိုရှည်လွန်းလို့ နှံကောင် ဆိုပြီး တွင်ခဲ့တာပါ။ အမေက စာတော်တော့အတန်းထဲမှာ ပထမ အမြဲရတယ်။ ပြေးခုန်ပစ် ပွဲတွေဆိုရင်လည်း ဆုတံဆိပ်တွေက သူငယ်ချင်းတွေတောင် ကူသယ်ပေးရတယ်လို့ ပြောတယ်။ အမေက လူရည်ချွန်အနေနဲ့လည်း အရွေးခံခဲ့ရဖူး ပါတယ်။
အမေ့ရဲ့ အဖေနာမည်က ဦးအောင်ဇီ၊ အမေက ဒေါ်လှဝင်းပါ။ လယ်လုပ် ကိုင်းလုပ်ပဲပေါ့။ လယ်ကတော့ အဖေ့တို့လယ်နဲ့ ကပ်လျှက် ၁၃ ဧကရှိတဲ့ လယ်ပဲပေါ့။ အိမ်နောက်ဖေးမှာတော့ အဖိုးပိုင်တဲ့ ၀ါးခြံက အကျယ်ကြီးရှိတယ်။ အမေ့ မွေးချင်း ၁၁ ယောက်ရှိတယ်။ ဟိုခေတ်ကတော့ မိသားစုမှာ လူဦးရေ များတတ် ကြတယ် မဟုတ်လား။ နာမည်တွေတော့ မသိတော့ပါဘူး။ အမွှာလည်းပါတယ်၊ အထွေးဆုံး သားခြောက်လေး လည်းပါတယ်။ (အမေ့ဘက်က အဖွားကတော့ အဲဒီ သားခြောက်ကို မွေးပြီးမှ စီးပွားတက်တယ်လို့ ပြောပြဖူးပါတယ်။) ကျုပ်သိတတ်တဲ့အရွယ်မှာ အမေ့ဘက်က မောင်နှမ သုံးယောက်ပဲကျန်တော့တယ်။ အကြီးဆုံးက ဘကြီးထွန်းတင်၊ နောက် ဘကြီးမောင် (အမေနဲ့ တစက်ကလေးမှ မတည့်)၊ သူကတော့ အမေတို့ အိမ်နော်ကဖေးမှာနေတယ်။ အရက်တော့ အရမ်းသောက်တယ်။ အမေက အငယ်ဆုံး။ ကျန်တဲ့သူတွေတော့ ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေး ရပြီးစအချိန်မှာ ကာလ၀မ်းရောဂါ၊ ကျောက်ရောဂါ၊ ပုလိပ်ရောဂါတွေနဲ့ သေကုန်တာပဲ။ မခံနိုင်ဘူး၊ ဟိုခေတ်တုန်းက ကျုပ်အမေတောင် နဖူးမှာ ကျောက် တလုံးထဲပေါက်လို့ အမာရွတ်ထင်ကျန်ခဲ့ သေးတာ။ ဦးထွန်းချစ်ကတော့ မျက်နှာတပြင်လုံး ကျောက်ပေါက်မ တွေနဲ့ပေါ့။
အဖေကတော့ အမေ့ကို အရမ်းချစ်တာ။ ရည်းစားဘ၀တုန်းက အဖေက ပျဉ်းမနားရေဆင်းကောလိပ်မှာ (အဲဒီအချိန်တုန်းက တက္ကသိုလ် မဖြစ်သေးဘူးထင်ပါ့)။ အမေက မော်လမြိုင်တက္ကသိုလ်က ရွှေမြိုင်ဆောင်က အဆောင်ကျောင်းသူ ဘ၀။ သမိုင်းအဓိကနဲ့ ကျောင်းတက်တုန်းက အချိန်မှာပေါ့။ (နောက်တော့ အမေက အင်္ဂလိပ်စာသင်တန်း တက်ပြီးတော့မှ အင်္ဂလိပ်စာဆရာမ ဖြစ်လာတာပါ။)
`ကိုယ်...မရှိန်ကို လာတွေ့တော့ မရှိန်အပြင်ထွက်သွားတယ်လို့ သူငယ်ချင်းကပြောတယ်၊ မရှိန် မရှိပေမဲ့ ၀ရန်တာ မှာ လှမ်းထားတဲ့ မရှိန်ရဲ့ ထမီလေးကို တွေ့လိုက်ရတာ အလွမ်းကိုပြေသွားတာပဲ´လို့ အဖေ့ ရည်းစားထဲမှ စာအပိုင်းအစလေးကို အမေက ခဏခဏ ပြန်ရွတ်ပြဖူးတယ်။ (အဖေက အမေ့ကို အဲဒီလောက်ထိ သည်းတာလေ)။
အမေက ကျောင်းပြီးတော့ လှိုင်းဘွဲမြို့မှာ မူလတန်းပြဆရာမ အနေနဲ့ တာဝန်ကျတော့ အဖေက ရွာကနေလှိုင်းဘွဲအထိ စက်ဘီးနဲ့ ချီတက်တဲ့ အကြောင်းလည်းပါတယ်။ (ရွာနဲ့ ဘားအံမြို့က ၁၃ မိုင်ဝေးတယ်။ ဘားအံနဲ့ လှိုင်းဘွဲ က ၂၅ မိုင်လောက် ဝေးတယ်)။ အဲဒီခေတ်က ရွာနဲ့ ဘားအံက ခုခေတ်လို ကားလမ်း မပေါက်သေး၊ နှစ်ထပ်သင်္ဘောနဲ့ ရေလမ်းခရီးပဲ ရှိတာလေ။ မနက်အစောကြီး ရွာကနေ စက်ဘီးနဲ့ထွက်၊ (ဘီးပေါက်ရင် လေထိုးဖို့ လေထိုးတံပါ လိုရမယ်ရ ယူလာသေးတယ်။)ဘားအံရောက်တော့ မနက်စာစား၊ ခဏ နား။ ပြီးတော့ လှိုင်းဘွဲမြို့အထိကို စက်ဘီးနဲ့ နှင်လာခဲ့တဲ့ခရီးက နည်းနည်းနောနော ခရီးမဟုတ်။ ညနေ သုံးနာရီ လေးနာရီလောကမှ ရောက်တယ်။ တခါတလေ မိုးကြီးချုပ်မှ ရောက်တယ်။ (ချစ်တာ....ချစ်တာ)
အဖေကတော့ `ငါတို့ကတော့ မိန်းမကို ချစ်တဲ့နေရာမှာ မျိုးနဲ့ရိုးနဲ့ချစ်တာ´လို့ ကြွေးကြော်ခဲ့ဖူးတယ်။ ကျုပ်ကိုလည်း မိန်းမကို ချစ်တတ်အောင် သင်မပေးဖူး သော်လည်း သွေးသားထဲက ပါလာတယ်ထင့်။ မိန်းမကို အရမ်းချစ်:)။ ကျုပ် မိန်းမနှင့် အကြောင်းကြောင်းကြောင့် သဘောမတူတဲ့ အမေကို အဖေက...
`မရှိန်... ဒီကောင်က မိန်းမချစ်တဲ့နေရာမှာ ငါ့ထက်သာတယ်ကွ။ မင်းစဉ်းစားကြည့်ကွာ ငါတို့သဘာ မတူလို့ တားနေတဲ့ ကြားထဲက ဒီကောင် ရန်ကုန်နဲ့ ထုံးအိုင်ကို အိမ်ဦးနဲ့ ကြမ်းပြင်မှတ်နေတယ်။ အလုပ်အားတာနဲ့ လစ်ပြီ။ ဒီတော့ မင်းတားနေလည်း အပိုပဲ။´ဟု အဖေ့ စကားတခွန်းကြောင့် အမေ ပါးစပ်ပိတ်ခဲ့တာ ခုထိ မမေ့။
ကျုပ်အဖေ မှာက နို့စားနွားမတွေ အများကြီး။ လယ်လုပ်တော့ ခိုင်းနွားထီးတွေနှင့် အလုပ်မနိုင်တော့ နို့စားနွားမ တွေကို တံပိုးတတ်အောင်သင်ပြီး ရအောင်ခိုင်းသည်။ နွားမနှင့် နွားလှည်းမောင်းသည်။ ထယ်ထိုးသည်။ သားပေါက်လျှင် နွားနို့ညှစ်ရောင်းသည်။ ဆန်စက်နှင့် ဆီစက်ရှိလို့ ဖွဲနု၊ ပဲဖတ်နှင့် နှမ်းဖတ်တော့ နွားတွေက ကောင်းကောင်းစားရတယ်။ အမြဲတမ်း ၀ဖီးနေတာ။
ပတ်ဝန်းကျင်က ကိုယ့်ကိုယ်ကို ကျိန်ဆဲရင်တောင် ရိုးရိုးသား မကျိန်ဆဲဘဲ.....
`ဖေမြင့်နွား ဖြစ်ရပါစေ´တဲ့။
အလကားနေရင်း ကျုပ်အဖေက သူတို့ကြားထဲ မဟာလူကြမ်းကြီးဖြစ်ရသေးတယ်။ ဒီတော့ ကျိန်ဆဲသူကို မေးတော့....
`ဘာလို့ဆို မင်းစဉ်းစားကြည့်လေကွာ။ သူများနွားတွေက မိုးတွင်းမှာ စပါးစိုက် ပြီးရင် တမိုးလုံးအနားရတယ်။ နွေပိုင်း စပါးပေါ်ချိန် ကောက်လှိုင်းတိုက်၊ ကောက်နယ် (ကောက်လှိုင်းများကို နွားလှည်းဖြင့် နယ်တာကို ပြောတာ)၊ သလင်းသိမ်းပြီးရင်တော့ တနွေလုံး နားတော့။ ခု ဖေမြင့်နွားတွေက အစား ကောင်းတော့ စားရပါရဲ့။ နွားထီးမပြောနဲ့ နွားမ ဖြစ်တာတောင် အနားမရဘူး။ ကလေးမွေး ပေးရတယ်။ နွားနို့ အညှစ်ခံရတယ်၊ ပြီးတော့ နွားထီးတွေနဲ့ တန်းတူ အလုပ်လုပ်ကြရတယ်။ စက်နှစ်လုံးတေင် ရှိတော့ စပါးတိုက် ဖွဲတိုက်၊ မြေပဲတိုက်၊ မြေပဲဆီပို့နဲ့ တမိုးလုံး တနွေလုံး ကောင်းကောင်းကို မနားရပါဘူးကွာ´ ဟု ပြောကြသည်အထိ အဖေက စည်းစနစ် ကျကျ အလုပ်လုပ် ခဲ့တာပါ။
အမေကတော့ ရွာမှာအင်္ဂလိပ်စာ ဆရာမ လုပ်ရင်း နယ်မပြောင်းချင်လို့ ရာထူးတိုးမလျှောက်ခဲ့။ ခုပင်စင် အငြိမ်းစားဘ၀နဲ့ အင်္ဂလိပ်စာ ကျူရှင်ပြပြီး အေးအေးချမ်းချမ်းနေသားကျ။ အဖေက အသက်လည်း ကြီးပြီ။ သားသမီးနှစ်ယောက်လည်း နိုင်ငံရပ်ခြား အဝေးမှာ။ အဖေနဲ့ အမေ့နားမှာ တဦးတည်းသော အမက မွေးတဲ့ မြေးတယောက်နဲ့ပဲ အဖော်လုပ်နေရ။
ဒီပုံကို ဒီကနေ ယူတာပါ။
ရေသွင်းဖို့ စက်သုံးဆီဈေးကမြင့်၊ နှစ်စဉ်နှစ်တိုင်း သံလွင်မြစ်ရေက မတရားကြီး၊ ကောက်စိုက်စရိတ်၊ ပျိုးနှုတ်စရိတ် မတတ်နိုင်၊ ဓါတ်မြေသြဇာဈေးက လိုက်လို့ မမှီ။ လက်တွန်း လယ်ထွန်စက်လည်း မောင်းသူမဲ့၊ လယ်လည်း မလုပ်နိုင်တော့။ လယ်မြေတွေမှာ ကိုင်းပင်တွေ မြက်ပင်တွေက တောထနေပြီလား အဖေ။ လယ်တွေက ကော ကုန်ပြီလား။ တချိန်က အဖေ့လယ်ကို ဦးစီးလုပ်ခဲ့တဲ့ ကျုပ်ကို သတိရနေပြီလားအဖေ။
ခုချိန် ၀ါဆို၊ ၀ါခေါင်ဆိုရင် ရေလိုက်စပါး (ရေကြီးပြီး ရေအကျကို လိုက်ပြီး စိုက်သောစပါး) စိုက်ဖို့ ပျိုးထောင်ချိန် ဆိုတော့ အဖေကျုပ်ကို မျှော်နေမှာ ကျုပ်သိပါတယ် အဖေ။ တော်သလင်းလဆန်း ရင်တော့ စပါးစိုက်ချိန်ရောက် ပြီပေါ့နော်။ သားတို့ ဟိုတုန်းက စိုက်ခဲ့တဲ့ မနောသုခတို့ မနောပျက်တို့ က ခုချိန်မှာ ခေတ်မစားတော့ဘူး ထင်ပါ့။ ဆင်းဧကရီတို့၊ လုံးသွယ်မွှေး စတဲ့စပါး မျိုးတွေလည်း စိုက်မယ့်သူ ရှိသေးရဲ့လား အဖေ....။
ဆယ့်သုံးဧက ရှိတဲ့ လယ်ပွဲက စပါးတထောင် မထွက်ခဲ့ဘူးတဲ့ အဖေ့လယ်မှာ သားလယ်ထဲ စဆင်းတဲ့နှစ်မှာ "အင်းမရဲဘော်" စပါးစိုက်ပြီး စပါးထောင်ကျော် ထွက်ခဲ့ဖူးတယ်ဆိုတာ သားအမြဲ အမှတ်ရနေမှာပါ။ စပါးစိုက်ဖို့ ဂွန်ဒေါင်းစက် (တရုတ်ပြည်မှ သွင်းသည့် လက်တွန်းထွန်စက်) နဲ့ စက်ရိုက်တော့ လယ်ကနေ ငါးတွေ၊ ဖားတွေ ဖမ်းခဲ့ကြတာ ကျုပ်သတိရသေးတယ် အဖေ။
ဒီပုံကို ဒီနေရာက ယူခဲ့တာပါ။
ကန်သင်းရိုးဖို့ဘို့ ကျုပ်နဲ့ အဖေ ပေါက်တူးပေါက်ပြိုင် ခဲ့ကြတာ ကျုပ် အနိုင်ရခဲ့တယ်လေ။ အဖေက ကျောင်းတက်တုန်းက ကန်သင်းရိုးဖို့ (ပေါက်တူးပေါက်) ပြိုင်ပွဲမှာ ပထမ ရခဲ့ဘူးတယ် မဟုတ်လား။ အဖေက ညာဘက် တဖက်ထဲရပြီး ကျုပ်ကဘယ်၊ ညာနှစ်ဖက်စလုံးရလို့ အဖေရှုံးခဲ့တာလို့ တခြားလယ်သမားတွေကို အဖေကြွားခဲ့တာ ကျုပ်ဂုဏ်ယူမဆုံးပါဘူး အဖေ။
အမေကတော့ ငါ့သား.... ဖြစ်နိုင်ရင် မြန်မာပြည်ကို ပြန်မလာပါနဲ့။ ဒီမှာက ငါ့သားတို့ နေ၊ စား တတ်တော့မှာ မဟုတ်ဘူးတဲ့။ လယ်လုပ်မယ့်သူမရှိ၊ အားကောင်း မောင်းသန် မရှိတော့ဘူး၊ အားလုံးနီးပါး ရတဲ့နည်းနဲ့ ပြည်ပထွက် အလုပ်လုပ်ကြရတာ။ ကျန်နေတာက အဘိုးကြီး၊ အဖွားကြီးနဲ့ ကလေးငယ်လေးတွေ။ နေချင်စရာမရှိ။ ကုန်ဈေးနှုန်းတွေက တာဝတိံသာရဲ့ အထပ်ခိုးမှာ...။ ရှိတဲ့သူတွေက အဝေးရောက် သားသမီးတွေဆီက မျှော်စားနေရတာ...။ငါ့သား ပြန်လာရင် ဘာအလုပ် လုပ်စားမှာလဲ ဆိုတဲ့ အမေ့ စကားသံတွေသာ အထပ်ထပ် ကြားယောင်နေပါတယ် အမေ။
ရွာက ကျုပ်သူငယ်ချင်း ကိုညင့်၊ မဲတုန်း၊ ဇီလုံ၊ အောင်ပွား၊ အောင်နိုင်၊ မြွေ၊ ၀ဏ္ဏထွန်း၊ ပေါက်ကျိုင်း၊ သိန်းလင်းတို့ လည်း တချို့က မလေးရှားမှာ တချို့က ယပက်လက်(ထိုင်း) မှာလို့ကြားတယ် အမေ။ ဘုန်းကြီးတယောက်တော့ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ဖွင့်လို့ ကြီးပွားနေပြီလား။ ငယ်ငယ်တယောက်ကော လက်သမား အလုပ်နဲ့ တော်တော်လေး အခြေခိုင်နေပြီကြားတယ်။ ထွန်းနိုင်တယောက်တော့ ဘီအီး(ဘီအီးဒီစီ အရက်) ကိုက်လို့ သေပြီကြားတယ်။ ကျုပ်သူငယ်ချင်း အပေါင်းအသင်း တွေနဲ့လည်း တနေ့တော့ ပြန်ဆုံချင်ပါသေးအမေ။
ဘာပဲ ဖြစ်ဖြစ် ကျုပ်ကတော့ ရွာမှာပဲ ပျော်တယ်။ အခြေအနေအကြောင်းကြောင်းကြောင့် ရပ်ဝေးမှာပဲ ရွက်လွှင့်နေရပေမဲ့ အမေ တချိန်ကျရင်တော့ အဖေနဲ့ အမေတို့ရှိတဲ့ မွေးရပ်မြေကို ကျုပ်ပြန်လာခွင့်လေး လည်း ရချင် ပါသေးတယ်။ ဦးစီးမဲ့ပြီး တောထနေတဲ့ အဖေ့လယ်ကို ဦးစီးလုပ်ချင်ပါသေးတယ်။ ကျုပ် ရွာကိုသိပ်လွမ်းတယ်ဗျာ....
Thursday, August 14, 2008
ကျွန်ုပ်ချစ်သော ဇာတိမြေ

မောင်ကမ္ဘာ




